close

တော်လှန်ရေးအသုံးစရိတ်အတွက် ငွေတိုက်စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်ဖိုး ရရှိဟု NUG ပြော

စစ်အာဏာရှင်တော်လှန်ရေးအတွက် လိုအပ်တဲ့ စက်လက်နက်ပစ္စည်းတွေနဲ့ တော်လှန်ရေး အသုံးစရိတ်အတွက် ငွေတိုက်စာချုပ်ပေါင်းတန်ဖိုး  အမေရိကန်ဒေါ်လာ ၃၃  သန်းကျော်အထိရရှိထားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်းတစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲကို ဧပြီ ၁၆ ရက်ဒီကနေ့ အွန်လိုင်းကနေ ကျင်းပရာမှာပြောကြားခဲ့တာဖြစ်ပြီး အဲဒီငွေကြေးတွေကို လူထုလိုအပ်ဆုံးနေရာမှာ အများဆုံးအသုံးပြုနေတယ်လို့လည်းဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေက မြန်မာနိုင်ငံရဲ့ နယ်မြေ တစ်ဝက်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သလို မကြာခင်မှာ ခုခံစစ်ကနေ ထိုးစစ်ကို ပြောင်းလည်းတိုက်ခိုက်တော့မှာဖြစ်တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ ပြန်ကြားရေးအဖွဲ့ဝင် ဦးနေဘုန်းလတ်ကလည်းပြောပါတယ်။

ထိန်းချုပ်ထားတဲ့နယ်မြေတွေနဲ့ မြို့အမည်တွေကို လုံခြုံရေးအခြေအနေအရ လက်ရှိထုတ်ပြန်ပြောဆို နိုင်ခြင်းမရှိသေးပေမဲ့ မကြာခင်ပြည်သူတွေကို အသိပေး ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တစ်နှစ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ရာဂဏန်းနီးပါးအထိ ဖွဲ့စည်းထားပြီး တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို  စစ်ရေးအရ ပူးပေါင်းတိုက်ခိုက်နေပြီ လို့လည်းပြောပါတယ်။

နိုင်ငံရဲ့ နေရာအတော်များများမှာ ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး များမကြာမီ လွတ်မြောက်နယ်မြေ ဖန်တီးနိုင်တော့မှာဖြစ်သလို အဆုံးသတ်စစ်ပွဲမှာလည်း ပြည်သူလူထုကပဲ အနိုင်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  (NUG) နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလကလည်း ဒီနေ့မနက်က NUG အစိုးရတည်ထောင်ခြင်းအထိမ်းအမှတ်  နိုင်ငံတော်အခြေပြမိန့် ခွန်းမှာ ပြောသွားပါတယ်။

NUG အစိုးရဟာ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ ကြားကာလအုပ်ချုပ်ရေးနဲ့  အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေး ယန္တရားတွေကို ဒေသခံတွေ မဟာမိတ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ စတင်အကောင်အထည်ဖော်နေပြီလို့လည်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up