ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေါ်တူဂီ နေရာတခုရရေး တိုက်ပွဲဝင်ရန် စီရော်နယ်ဒို တိုက်တွန်း

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းရဲ့ နေရာမှန်တခုအတွက် တိုက်ပွဲဝင်ကြဖို့ အသင်းသားတွေကို စီရော်နယ်ဒိုက တိုက်တွန်းသွားပါတယ်။
ပေါ်တူဂီအသင်းဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရဖို့အတွက် ပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲစဉ်အနေနဲ့ တူရကီအသင်းနဲ့ အိမ်ကွင်းမှာ မတ် ၂၅ ရက်နေ့ ယှဉ်ပြိုင်သွားရမှာပါ။
ပေါ်တူဂီအသင်းအနေနဲ့ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်သွားမှာဖြစ်လို့ အသင်းရဲ့ နေရာမှန်တခုအတွက် တိုက်ပွဲဝင်ကြဖို့ စီရော်နယ်ဒိုက အင်စတာဂရမ်ကနေ တိုက်တွန်းသွားခဲ့ပါတယ်။
“၂၀၂၂ ကမ္ဘာ့ဖလားအတွက် အပြည့်အဝ အာရုံစိုက်ရပါမယ်။ နိုင်ငံအသင်းအတွက် ကိုယ်စားပြုကစားရတာက အမြဲတမ်း ဂုဏ်ယူစရာပါပဲ။ ကျနော်တို့ ပလေးအော့ဖ်လမ်းကြောင်းက မလွယ်ကူဘူးဆိုတာ သိထားကြပါတယ်။ ပြိုင်ဘက်ကလည်း ကျနော်တို့နဲ့ ရည်မှန်းချက်တူတဲ့ အသင်းဖြစ်ပြီး လေးစားမှုထားပြီး ယှဉ်ပြိုင်သွားရမယ်။ ဘယ်လိုဖြစ်ဖြစ် ပေါ်တူဂီအသင်းရဲ့ နေရာမှန်အတွက် ကျနော်တို့ အတူတကွ တိုက်ပွဲဝင်သွားရပါမယ်” လို့ ရော်နယ်ဒိုက ပြောပါတယ်။
ပေါ်တူဂီအသင်းဟာ တူရကီကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် အီတလီနဲ့ မြောက်မက်ဆီဒိုးနီးယား ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ကမ္ဘာ့ဖလားဝင်ခွင့် အဆုံးအဖြတ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။