တူနီးရှား ရေပိုင်နက်တွင် ရေနံတင်သင်္ဘောနစ်မြုပ်

တူနီးရှားနိုင်ငံ ရေပိုင်နက်ထဲမှာ ရေနံ တန်ချိန် ၁၀၀၀ လောက် သယ်လာတဲ့ ကုန်သင်္ဘောတစီး နစ်မြုပ်အပြီး သဘာဝပတ်ဝန်းကျင်အပျက်အစီးကို ကာကွယ်ရေး ကူညီဖို့ ကမ်းလှမ်းထားတဲ့ တခြားနိုင်ငံတွေနဲ့အတူ တူနီးရှားဟာ လုပ်ဆောင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
အီကွေတိုရီရယ် ဂီနီနိုင်ငံကနေ မော်လ်တာနိုင်ငံကဆီကို ဦးတည် ခုတ်မောင်းလာတဲ့ ရေနံတင်သင်္ဘောဟာ တူနီးရှားတောင်ပိုင်း ဂါဘက်စ်မြို့ရဲ့ ကမ်းလွန် ရေမိုင် ၇ မိုင်လောက်မှာ သောကြာနေ့က နစ်မြုပ်ခဲ့တာပါ။
အကူအညီ တောင်းတာကို လက်ခံရရှိအပြီး တူနီးရှား ရေတပ်က သင်္ဘောသား ၇ ယောက်ကို ကယ်ခဲ့ပါတယ်။ ဒီသင်္ဘောဟာ လောင်စာ ခန့်မှန်းခြေတန်ချိန် ၇၅၀ ကနေ ၁၀၀၀ ကြားလောက် သယ်လာတယ်လို့ အရာရှိတွေက ပြောပါတယ်။
အကူအညီပေးဖို့ ကမ်းလှမ်းလာတာ ဘယ်နိုင်ငံတွေ ဆိုတာကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက မပြောခဲ့ပါဘူး။
“သင်္ဘောက မယိုစိမ့်ခဲ့ဘူး။ သင်္ဘောရဲ့ တံခါးတွေက လုံခြုံတယ်။ တင်းတင်းကျပ်ကျပ် ပိတ်ထားလို့ သင်္ဘောပေါ်မှာ ပါတယ်လို့ ဖော်ပြထားတဲ့ လောင်စာ ယိုစိမ့်မှု မရှိဘူး”လို့ တူနီးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။
ဘယ်လို ဆီယိုစိမ့်မှုမဆို ရှိ၊ မရှိ စစ်ဆေးဖို့ သင်္ဘောပတ်လည်မှာ ကမ်းတက်တပ်ဖွဲ့ အထူးရေငုပ်သမားအုပ်စုက စပြီး အလုပ်လုပ်နေပါပြီ။
စနေနေ့က တူနီးရှား အာဏာပိုင်တွေဟာ သင်္ဘောနစ်ရတဲ့အကြောင်းကို စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ခဲ့ပြီး ရာသီဥတု ဆိုးရွားမှုကြောင့်လို့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက ပြောပါတယ်။
ဂါဘက်စ်ကမ်းရိုးတန်းဟာ အကြီးစားရေထု ညစ်ညမ်းမှုတွေရဲ့ဒဏ်ကို ခံရတာ နှစ်ချီနေပါပြီ။ ပတ်ဝန်းကျင်က စက်မှုလုပ်ငန်းတွေရဲ့ စက်ရုံတွေက ပင်လယ်ထဲကို အညစ်အကြေးတွေ တိုက်ရိုက် စွန့်ပစ်နေတယ်လို့ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေက ပြောထားပါတယ်။