close

ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် ပက်ပ်စီ ဦးသိန်းထွန်း ကွယ်လွန်

Photo - Forbes

လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ချီ မြန်မာ့စီးပွားရေးလောကမှာ ပက်ပ်စီ ဦးသိန်းထွန်းလို့ သိကြတဲ့ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းထွန်းဟာ ဧပြီ ၁၈ ရက်က ထိုင်းနိုင်ငံမှာ ကွယ်လွန်သွားပါတယ်။

ဦးသိန်းထွန်းဟာ ကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ် ရှိပြီဖြစ်ကာ ဘန်ကောက်မြို့မှာ ဆေးကုသမှုခံယူနေရင်း လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာလို့ ဆိုပါတယ်။

သူဟာ နာမည်ကြီး အချိုရည်ထုတ်ကုန်တခုဖြစ်တဲ့ ပက်ပ်စီကိုလာကို  လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက တင်သွင်းခဲ့လို့ ပက်ပ်စီဦးသိန်းထွန်းလို့ နာမည်တွင် ထင်ရှားခဲ့ပြီး ထွန်းဖောင်ဒေးရှင်းဘဏ် တည်ထောင်သူ၊ မြန်မာတိုင်းမ်သတင်းမီဒီယာပိုင်ရှင် အဖြစ်လည်း ထင်ရှားပါတယ်။

ဒါ့အပြင် သူ့ကို ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တာကြောင့် စီးပွားရေးလောကမှာ ခုလိုရပ်တည်နိုင်ခဲ့တာဆိုတဲ့ ပြောဆိုဝေဖန်မှုတွေကိုလည်း အမြဲတမ်း ငြင်းဆန်ခဲ့ပေမယ့် အဖျော်ယမကာ လုပ်ငန်းကစလို့ အိမ်ခြံမြေ၊ ကုန်ထုတ်လုပ်ငန်းနဲ့ လေကြောင်းလိုင်းစတဲ့ လုပ်ငန်းအစုံစုံမှာ ထဲထဲဝင်ဝင် လုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနဲ့ ထုတ်ဝေတဲ့ မြန်မာတိုင်း(မ်) သတင်းမီဒီယာကို စွယ်စုံမီဒီယာဂရုပိုင်ရှင် ဒေါက်တာတင်ထွန်းဦးနဲ့ ဩစတြေးလျနိုင်ငံသား သတင်းမီဒီယာတည်ထောင်သူ ရော့စ်ဒန်ကလေတို့ဆီကနေ ဝယ်ယူခဲ့တဲ့အပြင် စာပေလောကမှာ ထင်ရှားတဲ့ ထွန်းဖောင်ဒေးရှင်းစာပေဆု ချီးမြှင့်တာတွေ၊ မြန်မာ့စွယ်စုံကျမ်း ပြန်လည်ပြင်ဆင်ထုတ်ဝေရေးတွေမှာလည်း စာပေဗိမာန်နဲ့ ပူးပေါင်းလုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုကာလမှာတော့ မြန်မာတိုင်းမ်သတင်းစာကို ရပ်နားခဲ့ရပြီး အခုလအတွင်းမှာ ပြန်လည်ထုတ်ဝေဖို့ ပြင်ဆင်နေတယ်လို့ သိရပေမဲ့ သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် နောက်ဆုတ်ခဲ့ရသလို ခုချိန်ထိ ပြန်လည်ထုတ်ဝေနိုင်ခြင်း မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up