ထိုင်းမြောက်ပိုင်း ချင်းရိုင်းတွင် မိုးသက်လေပြင်းကျပြီး အိမ်ခြေ ၅၀၀ ကျော်ပျက်စီး



ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်မှာ ဧပြီ ၁၇ ရက်ညက မိုးသက်လေပြင်းကျရောက်တာကြောင့် ချင်းရိုင်းမြို့နယ် ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၉ အုပ်စုက အိမ်ခြေ ၅၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်တားဆီးရေးနဲ့ ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ပါတယ်။
မိုးသက်လေပြင်းကျရောက်ချိန် မိနစ် ၂၀ သာကြာပေမဲ့ အရှိန်ပြင်းထန်ပြီး နေရာကျယ်ပြန့်တာကြောင့် အခုလိုအိမ်ခြေများစွာ ထိခိုက်ပျက်စီးရကြောင်း အများဆုံးပျက်စီးမှုမှာ ဒွိုင်လန်း အုပ်စုထဲမှာဖြစ်ပြီး ခေါင်မိုးလန်တာ ၊ ခေါင်မိုးပျက်စီးတာ ၊ သစ်ပင်သစ်ကိုင်းတွေကျိုးကျလို့ ပျက်စီးတာဆိုပါတယ်။ ဒါ့အပြင် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတချို့လည်း ပျက်စီးခဲ့ပါတယ်။
အလားတူ ထိုင်းမြောက်ပိုင်း ဖယောင်းခရိုင်ထဲမှာလည်း လေပြင်းတိုက်လို့ သစ်ပင်ကြီးတွေ ဆိုင်း ဘုတ်နဲ့ ဓာတ်မီးတိုင်တွေ ပြိုလဲကျသွားခဲ့ပါတယ်။ ဟတ်ခုန့်ကျောင်းတိုက်က ဘုရားဆင်းတု တော်ကြီး မြေသို့ခလဲကျသွားကြောင်း၊ အိမ်ခြေပျက်စီးမှုစာရင်းတွေတော့ ကောက်ယူနေဆဲပဲလို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် ပိုင်းမြို့နယ်မှာတော့ လေပြင်းမဟုတ်ဘဲ မိုးသည်းထန်ကာ မိုးသီးကြီးတွေပါ ထူထဲစွာကျဆင်းခဲ့တယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဧပြီ ၁၇ ရက် ညနေ ၃ နာရီခွဲလောက်ကစ မိုးတွေရွာလာတာဖြစ်ပြီး ပိုင်းမြို့နယ် ဝိန်းတိုက်အုပ်စု ဟိုမယ့်မိုင်းရွာထဲမှာ မိုးသီးတွေအမြောက်အများကျရောက်လာကြောင်း၊ တချို့မိုးသီးတွေရဲ့ အရွယ်အစားဟာ လိမ္မော်သီးလောက်ရှိပြီး ရေခဲတောင်လိုဖြစ်သွားတယ်လို့ ဆိုပါတယ်။
သူတို့ဒေသမှာ ဒီလိုရေခဲတောင်ဖြစ်သွားတာ ပထမဆုံးအကြိမ်ပဲလို့ ရပ်မိရပ်ဖတယောက်က ပြောသွားပါတယ်။ ဒါ့အပြင် မိုးသီးရိုက်ခတ်ဒဏ်ကြောင့် အိမ်ခြေတွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါ တယ်။
ထိုင်းနိုင်ငံမှာ အပူပိုင်းမုန်တိုင်းဝင်ရောက်တာကြောင့် နေရာအတော်များများမှာ မိုးသက်လေပြင်း ကျရောက်ခဲ့တာပါ။
လာမယ့် ၂၄ နာရီအတွင်း ထိုင်းတနိုင်ငံလုံး နေရာအနှံ့အပြားမှာ မိုးသက်လေပြင်းထပ်မံကျ ရောက်နိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနက ဒီကနေ့မနက် ၇ နာရီမှာ ထုတ်ပြန်ထားပါတယ်။
ကိုးကား- ChiangMaiNews