အနောက်နိုင်ငံများ၏ပိတ်ဆို့မှုများကို တုံ့ပြန်ရန် စီးပွားရေးလုပ်ဆောင်ချက်အသစ် ရုရှား ချမှတ်

ရုရှားဟာ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို တုံ့ပြန်ဖို့ စီးပွားရေးလုပ်ဆောင်ချက် အသစ်တွေကို ချမှတ်လိုက်တယ်လို့ ဧပြီ ၁၈ ရက် ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ပြည်တွင်း ဓာတ်မြေဩဇာထုတ်လုပ်သူတွေကို ပံ့ပိုးဖို့ ဓာတ်မြေဩဇာ ပြည်ပတင်ပို့မှု တိုးမြှင့်လိုက်တာဖြစ်ပြီး ဒီလုပ်ဆောင်ချက်ဟာ ၂၀၂၂ မေ ၃၁ ရက်ထိ အကျုံးဝင်မှာပါ။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ရုရှားကုမ္ပဏီတွေရဲ့ အပ်ငွေလက်ခံဖြတ်ပိုင်းများကို နိုင်ငံရပ်ခြား ငွေလဲလှယ်နှုန်းတွေကနေ စာရင်းပယ်ဖျက်မယ့် ဥပဒေကို ဧပြီ ၁၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။
နိုင်ငံရပ်ခြားမှာ ရောင်းဝယ်ဖောက်ကားတဲ့ ရုရှားကုမ္ပဏီတွေဟာ ဖြတ်ပိုင်းတွေကို အစုရှယ်ယာတွေအဖြစ် ပြောင်းပြီး စာရင်းသွင်းရမှာပါ။
“ဥရောပသမဂ္ဂရဲ့ လာမယ့် ၆ ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုဟာ ရုရှားဘဏ်တွေ အထူးသဖြင့် Sberbank နဲ့ ရေနံတို့ကို ပစ်မှတ်ထားလိမ့်မယ်။ ပူတင်ရဲ့၀င်ငွေ ကျုံ့သွားဖို့က ထိပ်တန်းဦးစားပေး” လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါ လေယန်က ဂျာမန်သတင်းစာ Bild ကို ဧပြီ ၁၇ ရက်မှာ ပြောပါတယ်။
အီတလီကလည်း ဆိပ်ကမ်းအားလုံးကို ရုရှားသင်္ဘောတွေ ဆိုက်ကပ်ခွင့် ဧပြီ ၁၇ ရက်ကစပြီး ပိတ်ထားလိုက်ပါတယ်။