ဇနီးဖြစ်သူ အမြွှာမွေးခဲ့သော်လည်း ၁ ဦးကွယ်လွန်ခဲ့ကြောင်း စီရော်နယ်ဒို ပြော

ဇနီးဖြစ်သူ အမြွှာကလေး ၂ ဦးမွေးဖွားခဲ့ပေမယ့် ၁ ဦးက ကွယ်လွန်သွားတယ်လို့ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုက သတင်းထုတ်ပြန်ပါတယ်။
ရော်နယ်ဒိုရဲ့ ဇနီးဖြစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာ ဧပြီ ၁၈ ရက်က အမြွှာကလေး ၂ ဦး မွေးဖွားခဲ့တာပါ။ ယောက်ကျားလေး ၁ ဦးနဲ့ မိန်းကလေး ၁ ဦး မွေးဖွာခဲ့ပြီး ယောက်ျားလေးဖြစ်သူက ကွယ်လွန်သွားခဲ့ပြီး အကြီးမားဆုံးသော ကြေကွဲဝမ်းနည်းမှု ဖြစ်ခဲ့ရကြောင်း စီရော်နယ်ဒိုက ဖွင့်ဟခဲ့ပါတယ်။
ကလေးမီးဖွားစဉ်ကာလမှာ ကူညီပေးခဲ့ကြတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေကို ကျေဇူးတင်ရှိတယ်လို့လည်း စီရော်နယ်ဒိုက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ မန်ယူနိုက်တက်အသင်းကလည်း ရော်နယ်ဒိုရဲ့ သတင်းထုတ်ပြန်ချက်ကို ပြန်လည်ဝေမျှခဲ့ပြီး “မင်းရဲ့နာကျင်ခံစားရမှုဟာ ငါတို့ရဲ့ နာကျင်ခံစားရမှုပါပဲ” လို့လည်း အားပေးစကားဆိုခဲ့ပါတယ်။
ပြိုင်ဘက်မန်စီးတီးအသင်းကလည်း ရော်နယ်ဒိုနဲ့အတူ ထပ်တူကြေကွဲဝမ်းနည်းရကြောင်း တွစ်တာကနေ ရေးသားခဲ့ပါတယ်။
ရော်နယ်ဒိုမှာ ၂၀၁၇ ခုနှစ်က မွေးဖွားခဲ့တဲ့ အီဗာနဲ့ မက်တီယို ဆိုတဲ့ အမြွှာ ၂ ဦးလည်းရှိပါတယ်။ အကြီးဆုံးသားကြီး ရော်နယ်ဒိုဂျူနီယာအပါအဝင် ဇနီးဖြစ်သူ ဂျော်ဂျီနာနဲ့ရခဲ့တဲ့ သမီး အယ်လန်နာနဲ့ လက်ရှိမွေးဖွားခဲ့တဲ့ သမီး ၁ ဦး စုစုပေါင်း ကလေး ၅ ဦးရှိပါတယ်။