လိဂ်ပွဲစဉ်တပွဲသာကစားခဲ့သည့် စီရော်နယ်ဒို မန်ယူအသင်း၏ ၁ လတာ အကောင်းဆုံးဆုရ

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုဟာ မတ်လအတွင်းမှာ လိဂ်ပွဲစဉ်တပွဲသာ ကစားခဲ့ရပေမယ့် အသင်းရဲ့ ၁ လတာအကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်။
ရော်နယ်ဒိုဟာ မတ်လအတွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အနေနဲ့ စပါးအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်တစ်ပွဲသာ ကစားခဲ့ရတာပါ။
အဲဒီပွဲစဉ်မှာ ဟက်ရစ်သုံးဂိုးသွင်းခဲ့ပြီး အသင်းကို နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် အသင်းပရိသတ်တွေက မဲပေးရွေးချယ်ခဲ့တဲ့ ၁ လတာအကောင်းဆုံးကစားသမားဆုရရှိခဲ့တာပါ။
စီရော်နယ်ဒိုဟာ မတ်လအတွင်းမှာ ပြိုင်ပွဲစုံ ၂ ပွဲကစားခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ အက်သ လက်တီကို အသင်းနဲ့ ပွဲစဉ်မှာတော့ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ မတ်လအတွင်းမှာ လိဂ်ပွဲစဉ် ၂ ပွဲကစားခဲ့ပြီး စပါးနဲ့ပွဲမတိုင်ခင် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဆုရရှိအောင် မဲပေးရွေးချယ်ခဲ့ကြတဲ့ ယူနိုက်တက်ပရိသတ်တွေကို ကျေးဇူးတင်ရှိပြီး ဒီဆုက ရာသီကုန်အထိ ရှေ့ဆက်လျှောက်ဖို့အတွက် အားအင်တခုဖြစ်စေတယ်လို့ စီရော်နယ်ဒိုက ဆုလက်ခံရယူအပြီးမှာ ပြောသွားပါတယ်။ ဒီဆုဟာ ရော်နယ်ဒိုအတွက် ၃ ကြိမ်မြောက်ရရှိခဲ့တာ ဖြစ်ပါတယ်။