ရေစကြိုနှင့် ဂန့်ဂေါမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ


မကွေးတိုင်း ရေစကြိုနဲ့ ဂန့်ဂေါမြို့နယ်တို့မှာ ဧပြီ ၁၉ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရေစကြိုမြို့နယ် ဇီးကုန်းရွာနဲ့ ဇီကုန်းကျွန်းကြားမှာ ဧပြီ ၁၉ ရက်နေ့မွန်းလွဲ ၂ နာရီလောက်က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ရေစကြို PDF က မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့တာကြောင့် ကားတွေ၊ ဆိုင်ကယ်တွေ ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သား ၄ ယောက် အခင်းဖြစ်နေရာမှာ သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို PDF ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
ဒါအပြင် အလယ်သောင်နဲ့ ဂွတ်ကြီးရွာ ကြားမှာလည်း မနေ့ညနေ ၄ နာရီလောက်က စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစီး ထခိုက်ပျက်စီးကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမယ့် အတည်မပြုနိုင်သေးဘဲ ဒဏ်ရာရသူတွေကိုတော့ ပခုက္ကူမြို့ဘက်ကို သယ်သွားတယ်လို့ ဆိုပါတယ်။
အဲဒီလို မိုင်းဆွဲတိုက်ခိုက်ရာမှာ ရေစကြို PDF ရဲဘော်တွေ အထိအခိုက်အကျဆုံးမရှိဘဲ ဘေးကင်းရာနေရာကို ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
ရေစကြိုမြို့နယ် ဂွက်ကြီးနဲ့ အလယ်သောင်ရွာကြားမှာ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ကလည်း စစ်ကောင်စီကားတစီးကို ရေစကြို PDF ကမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ သိရပါတယ်။
ဂန့်ဂေါမြို့နယ်မှာလည်း ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်းက ချောင်းနက်ရွာကနေ ဖက်ဝန်းရွာဘက် ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
တိုက်ပွဲချိန် ၁ နာရီလောက်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုရှိအခြေအနေကို မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဂန့်ဂေါ PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့က ဖက်ဝန်းက စစ်ရှောင်စခန်းတွေဆီ ဦးတည်စစ်ကြောင်းထိုးနေတာကြောင့် တိုက်ခိုက်ရတာ အသေအပျောက်စာရင်းကိုတော့ မသိရသေးဘူး။ ကျနော်တို့တပ်ဖွဲ့ဘက်ကတော့ အထိအခိုက် အကျအဆုံးမရှိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဂန့်ဂေါနယ်တွင်းကို စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်နေကြတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
နှစ်ဘက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။