close

ပြည်သူ့အတွက် ရဟတ်ယာဉ်ဝယ်ယူမှုဖြင့် နိုင်ငံခေါင်းဆောင် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားသည့်အမှု ရုံးထုတ်စစ်ဆေး

ပြည်သူတွေသဘာဝဘေးအန္တရာယ်ကြုံတဲ့အခါ ကူညီကယ်ဆယ်ပေးနိုင်ဖို့ ရဟတ်ယာဉ်၀ယ်ယူမှုနဲ့ နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက တရားစွဲထားတဲ့အမှုကို ဧပြီ ၁၉ ရက် ဒီနေ့  ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုက်အဝိုင်းကနေ သိရပါတယ်။

မနေ့ ရုံးချိန်းမှာ တရားလို ဦးအောင်ခန့်ကို ဆက်လက်စစ်ဆေးတာမှာ တရားလိုဘက်ကတင်ပြတဲ့ စာရွက်စာတမ်းနဲ့ပတ်သက်လို့ အငြင်းပွားတာတွေဖြစ်ခဲ့ပြီး ဘယ်လို အငြင်းပွားမှုတွေဖြစ်တယ်ဆိုတာတော့ အသေးစိတ်မသိရှိရဘူးလို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။ 

၂၀၂၁ ခုနှစ်က သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်း၊ သက်တမ်းတိုး၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုတားတာဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်အမှုနဲ့ဆက်နွှယ်တဲ့  တခြားအမှုတွေကိုလည်း ဒီနေ့မှာ ဆက်လက်စစ်ဆေးခဲ့ပြီး ရုံးချိန်းကို ဧပြီ ၂၆ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။

ဒီနေ့ရုံးချိန်းကို လာရောက်တဲ့ နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်းမာရေးကောင်းမွန်တယ်လို့ တရားရုံးနဲ့ နီးစပ်သူက ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွေထဲက ငါးမှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ချပြီးလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up