close

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူများ၏ ထက်ဝက်ခန့်မှာ လူငယ်များဖြစ်ဟု NUG ထုတ်ပြန်

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ လူငယ်နဲ့ ကလေးသူငယ်တွေ စာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်လိုက်ပြီး သေဆုံးသူ စုစုပေါင်းရဲ့ ၄၆ ဒသမ ၇ ရာခိုင်နှုန်းဟာ လူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၁ ရက်အထိ တော်လှန်ရေး ကာလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားခဲ့တဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်အရေအတွက် ၁,၆၇၃ ယောက်ရှိခဲ့ပြီး အဲဒီထဲမှာ လူငယ်စုစုပေါင်း ၇၈၂ ယောက် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးလူငယ်တွေထဲမှာတော့ အမျိုးသား ၇၂၆ ယောက်နဲ့ အမျိုးသမီး ၅၆ ယောက် ပါဝင်နေပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ထိခိုက်ကျဆုံးမှုမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၅၄ ယောက်နဲ့ ကျဆုံးသူ လူငယ်တွေအများဆုံးဖြစ်နေပြီး သူ့နောက်မှာတော့ ရန်ကုန်တိုင်းဒေသကြီးက ၁၅၆ ယောက်၊ မန္တလေးတိုင်းဒေသကြီးက ၁၄၅ ယောက်စီနဲ့ အစဉ်လိုက် ရှိနေတာပါ။

ဒါ့အပြင် နွေဦးတော်လှန်ရေးကာလအတွင်း ထိခိုက်ကျဆုံးခဲ့ရတဲ့ အမျိုးသမီးအရေအတွက်ကတော့ ၁၅၆ ယောက်နဲ့ စုစုပေါင်း ကျဆုံးသူတွေရဲ့ ၉ ဒသမ ၃ ရာခိုင်နှုန်း ရှိနေပြီး ကျဆုံးကလေး အရေအတွက်ကတော့ ၁၃၃ ယောက်နဲ့ စုစုပေါင်း ကျဆုံးသူတွေရဲ့ ၇ ဒသမ ၆ ရာခိုင်နှုန်း ရှိနေတာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းယူမှုကို ပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း စစ်အုပ်စုဟာ နည်းလမ်းမျိုးစုံနဲ့ သူတို့ကို ဆန့်ကျင်သူ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ ထင်ရှားကျော်ကြားသူတွေသာမက အပြစ်မဲ့ ပြည်သူတွေကိုပါ မင်းမဲ့စရိုက်ဆန်ဆန် ပစ်ခတ်သတ်ဖြတ်နေ တာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း မြို့ရွာအနှံ့ ပြင်းထန်နေပြီး စစ်အုပ်စုဟာ လူမဆန်စွာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကိုပါ  ဥပဒေမဲ့ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာပြည်သူတွေဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up