လက်နက်ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး အမေရိကန်စွပ်စွဲချက် တရုတ်ငြင်းပယ်

လက်နက်ထိန်းချုပ်ရေးနဲ့ ဖောချင်းသောချင်း မပြန့်ပွားရေး မူဝါဒတွေနဲ့ ပတ်သက်ပြီး တရုတ်အပေါ် အမေရိကန်ရဲ့ စွဲချက်တွေကို တရုတ်အစိုးရက အခိုင်အမာ ငြင်းပယ်လိုက်ပါတယ်။
နျူကလီးယားစမ်းသပ်မှု ဆိုင်းငံ့ထားရေးနဲ့ ဒုံးကျည်မပြန့်ပွားရေး ကတိကဝတ်တွေကို လိုက်နာဖို့ တရုတ်က ပျက်ကွက်ခဲ့တယ်လို့ အမေရိကန်က အစီရင်ခံစာထဲမှာ ပြောခဲ့အပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝင်ဘင်က ဧပြီ ၁၉ ရက်မှာ ခုလို တုံ့ပြန်လိုက်တာပါ။
အဲဒီအစီရင်ခံစာထဲမှာ ဇီဝလက်နက်ဆိုင်ရာ သဘောတူစာချုပ်ကို တရုတ်နိုင်ငံက လိုက်နာမှုနဲ့ ပတ်သက်ပြီးတော့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။
အမှန်တော့ အမေရိကန်ဟာ လက်နက်ထိန်းချုပ်ရေးနဲ့ မပြန့်ပွားရေး သဘောတူညီချက်တွေ၊ ကတိကဝတ်တွေကို လိုက်နာရာမှာ စိတ်ပျက်စရာ မှတ်တမ်းတခု ရှိတယ်၊ သိပ်မကြာသေးတဲ့ နှစ်တွေအတွင်း နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်တွေနဲ့ ယန္တရားတွေကို ချဉ်းကပ်ရာမှာ လက်တွေ့ကျတဲ့ အကျိုးစီးပွားအခြေပြု အယောင်ဆောင်နည်းလမ်းကို အမေရိကန်က ကျင့်သုံးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဆိုပါတယ်။
အမေရိကန်ဟာ INF သဘောတူညီချက်နဲ့ Open Skies သဘောတူညီချက်တွေ အပါအဝင် သဘောတူညီချက် အများအပြားနဲ့ အဖွဲ့အစည်း အတော်များများကနေ နုတ်ထွက်ခဲ့တာပါ။
လက်နက်ကုန်သွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်မထိုးခဲ့သလို အီရန် နျူကလီးယား အရေးမှာလည်း စိတ်ပြောင်းခဲ့တယ်လို့ ဝမ်က ပြောခဲ့ပါတယ်။