close

ရွာငံမြို့ တွင် PDF စခန်းတခုကို စစ်ကောင်စီတပ် အင်အားသုံး သိမ်းပိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အနောက်ဘက်ရှိ တောင်ကြားကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် PDF စခန်းတခု သိမ်းပိုက်ခံလိုက်ရပါတယ်။

ရွာငံမြို့အတွင်း မိုးတွေမှောင်မည်းပြီး ရာသီဥတု ဆိုးဝါးနေတဲ့ကြားက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကုန်းကြောင်းတင်မကဘဲ လေကြောင်းကိုပါ အသုံးပြုပြီး တိုက်လေယာဉ် ၃ စီးနဲ့ အဆိုပါတောင်ကြားထဲ ဆင်းသွားတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။

စီးနင်းခံလိုက်ရတဲ့ PDF တပ်ဖွဲ့ဟာ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF) နဲ့ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဖြစ်ပြီး သူတို့နဲ့ အဆက်အသွယ် ပြတ်တောက်နေလို့ ဖြစ်စဉ်အသေးစိတ်ကို မသိရသေးဘူးလို့ ရှမ်းပြည်နယ်တောင်ပိုင်းရှိ PDF ရဲဘော်တဦးက ဒီဘီဗွီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက PDF စခန်းကို စီးနင်းပြီးနောက် နွားဘန်ကြီးကျေးရွာ အတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ရွာငံမြို့မှာနေထိုင်တဲ့ ဒေသခံတဦးက “ဒီရက်ပိုင်း စစ်ကောင်စီက ရွာငံမြို့ကို အင်းအားသုံးပြီး ဖိနေတယ်။ PDF တွေနဲ့ အဆက်အစပ်ရှိတယ်ဆိုပြီး ဖမ်းခံရတဲ့ လူတွေလည်း ရှိတယ်။ CDM ဝန်ထမ်းတွေရဲ့ အိမ်တွေဆို ချိတ်ပိတ်ခံရတာ၊ မီးရှို့ဖျက်ဆီးခံရတာ မနည်းတော့ဘူး။ တချို့ စစ်ဘေးတိမ်းရှောင်နေကြရသူတွေဆိုရင် အခက်အခဲမျိုးစုံ ရင်ဆိုင်နေကြရတယ်" လို့ ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရွာငံမြို့အတွင်းရှိ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) စခန်း စီးနင်းခံပြီး PDF ရဲဘော်နှစ်ဦး ပစ်ခတ်ဖမ်းဆီးခံလိုက်ရတယ်လို့ သတင်းရရှိပေမဲ့ အတည်ပြုလို့ မရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up