ကေအန်ယူ တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ကျော် သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မူတြော်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၁၅ ရက်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၁၂၀ ကျော် သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ကေအန်ယူ ဗဟိုက ထုတ်ပြန်ပါတယ်။
ဧပြီ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၁၇၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈၁ ယောက်သေဆုံး၊ ၄၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ တပ်ခွဲမှူး ၁ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက်နဲ့ တပ်ကြပ် ၁ ယောက်တို့ပါပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်ကား ၃ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ဘက်က ၁ ယောက်ကျဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲတိုင်းမှာ ပြည်သူတွေနေတဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိသလို ဧပြီ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာ အလုံး ၃၄၀ ကျော်ရှိခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂ ယောက် သေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။