ဖူဟမ်အသင်း ပရီးမီးယားလိဂ် တန်းတက်ခွင့်ရရှိ

ဖူဟမ်အသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲပြီးဆုံးဖို့ ၄ ပွဲအလိုမှာကတည်းက ပရီးမီးယားလိဂ်ကို တန်းတက်ကစားခွင့် ပြန်လည်ရရှိသွားပါတယ်။
မနေ့ညက ကစားခဲ့တဲ့ ပရက်စတန်နဲ့ပွဲစဉ်မှာ ဖူဟမ်အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် လက်ကျန် ၄ ပွဲအလိုမှာပဲ တန်းတက်ဖို့ သေချာသွားခဲ့တာပါ။
ဖူဟမ်အသင်းဟာ ပွဲစဉ် ၄၂ ပွဲ ကစားအပြီးမှာ ၂၆ ပွဲနိုင်၊ ၈ ပွဲသရေ၊ ၈ ပွဲရှုံးထားပြီး စုစုပေါင်း ရမှတ် ၈၆ မှတ် ရရှိထားပါတယ်။
ဒုတိယနေရာက ဘုန်းမောက်အသင်းကို ၉ မှတ်ဖြတ်ထားသလို တတိယနေရာက ဟတ်ဒါဖီးလ်ကိုလည်း ၁၃ မှတ်အထိ ဖြတ်ထားနိုင်ခဲ့လို့ တန်းတက်ခွင့်ရဖို့အတွက် သေချာသွားခဲ့တာပါ။
ဖူဟမ်အသင်းဟာ ချန်ပီယံဖြစ်ဖို့လည်း အခြေအနေကောင်းနေပြီး လက်ကျန် ၄ ပွဲမှာ အနည်းဆုံး ၂ ပွဲနိုင်ရုံနဲ့ ချန်ပီယံဖြစ်ဖို့ သေချာသွားမှာပါ။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၁၈ ရခဲ့လို့ တန်းဆင်းခဲ့ရတဲ့ ဖူဟမ်အသင်းဟာ တရာသီအတွင်းမှာပဲ တန်းတက်နိုင်ခဲ့တာပါ။
ပရက်စတန်နဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး မီထရိုဗစ်ဟာ တရာသီအတွင်းမှာ သွင်းဂိုး စုစုပေါင်း ၄၀ ပြည့်သွားခဲ့ပြီး ချန်ပီယံရှစ် ဂိုးသွင်းအများဆုံးစာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။
ဒုတိယနေရာက ဘုန်းမောက်တိုက်စစ်မှူး ဆိုလန်ကီက ၂၆ ဂိုးသာရှိလို့ တိုက်စစ်မှူး မီထရိုဗစ်က ဂိုးသွင်းအများဆုံး ကစားသမားဆု ရဖို့လည်း သေချာသလောက် ရှိနေပါတယ်။