ချန်ပီယံလိဂ်ဝင်ခွင့်က အလှည့်အပြောင်းတခု ယူဆောင်ပေးနိုင်ဟု အာဆင်နယ်နည်းပြ အာတေတာ ပြော

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းနဲ့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
လက်ရှိ အမှတ်ပေးဇယားမှာ အာဆင်နယ်အသင်းဟာ ရမှတ် ၅၇ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့် အဆင့် ၄ နေရာက စပါးအသင်းနဲ့ ပွဲတူ၊ ရမှတ်တူပေမယ့် ဂိုးကွာခြားချက်ကြောင့် အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။
အာဆင်နယ်နည်းပြ အာတေတာကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က အသင်းကို အလှည့်အပြောင်းတခု ဆောင်ကြဉ်းပေးနိုင်ပြီး အောင်မြင်မှု လမ်းကြောင်းပေါ်ကို ရောက်ရှိစေလိမ့်မယ်လို့ ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် သမိုင်းကြောင်းနဲ့ ရင်းနှီးခဲ့တဲ့ အစဉ်အလာရှိပြီး ဝင်ခွင့်ရရှိမယ်ဆိုရင် စပွန်ဆာနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေမှာ တိုးတက်မှုတွေ ရှိလာနိုင်ကြောင်း အာတေတာက ပြောပါတယ်။
“ချန်ပီယံလိဂ်ဝင်ခွင့်က ကျနော်တို့ဖြစ်ချင်တဲ့ နေရာတခုပါ။ ဒါက ပွဲအလှည့်အပြောင်း ဖြစ်သွားလိမ့်မယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲက ဥရောပရဲ့ အကောင်းဆုံး အသင်းတသင်း ဖြစ်နိုင်ပြီး ဒါက ကျနော်တို့ လုံးဝရောက်ချင်တဲ့ အဆင့်အတန်းတခုပါပဲ” လို့ နည်းပြအာတေတာက ပြောပါတယ်။
လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အမှတ်ပေးဇယား အဆင့် ၄ အတွင်း ဝင်ရောက်နိုင်ရေး အာဆင်နယ်ကို အဓိက ဖိအားပေးနေတာကတော့ ရမှတ် ၅၄ မှတ်နဲ့ အဆင့် ၆ နေရာက မန်ချက်စတာယူနိုက်တက်နဲ့ ၅၂ မှတ်ရထားတဲ့ အဆင့် ၇ နေရာက ဝက်စ်ဟမ်းအသင်းတို့ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ မန်ယူရော ဝက်စ်ဟမ်းပါ အာဆင်နယ်ထက် တပွဲပိုကစားထားတာကြောင့် အဆင့် ၄ နေရာဝင်ရေး အာဆင်နယ်အတွက် လက်ရှိအနေအထားအရ အလားအလာ အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။