မန်ယူကို အားပေးခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်အတွင်း အဆိုးရွာဆုံးခြေစွမ်းဟု ဂယ်ရီနဗီးလ် ဝေဖန်

မန်ယူနိုက်တက်အသင်းကို ကြည့်ရှုအားပေးခဲ့တဲ့ ၄၂ နှစ်အတွင်းမှာ အဆိုးရွားဆုံးခြေစွမ်း ဖြစ်တယ်လို့ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဝေဖန်ပါတယ်။
မန်ယူအသင်းဟာ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြီး ခြေစွမ်းအရလည်း ဂိုးပေါက်ကန်သွင်းချက်၂ ကြိမ်သာ ရှိခဲ့တာပါ။
နည်းပြ ရက်ရန်းနစ်ခ်ဟာ အမ်ဖီးလ်ကွင်းမှာ ခံစစ် ၃ ယောက်တန်းထားပြီး ၃-၄-၂-၁ ကစားကွက်နဲ့ ပွဲထွက်ခဲ့ပေမဲ့ ပွဲအစ ၅ မိနစ်မှာပဲ ဦးဆောင်ဂိုးပေးခဲ့ရပြီး ဒီယက်ဇ်က သွင်းယူခဲ့တာပါ။
အဲဒီနောက် ဆာလာက ၂ ဂိုး၊ မာနေးက ၁ ဂိုး သွင်းယူခဲ့ပြီး ပွဲအပြီးမှာ ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။ အဲဒီပွဲစဉ်ကို စကိုင်းစပေါ့ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ ဂယ်ရီနဗီးလ်ကတော့ မန်ယူကစားသမားတွေမှာ နိုင်ပွဲဆာလောင်တဲ့စိတ် ကင်းမဲ့နေပြီး သူအားပေးခဲ့တဲ့ ၄၂ နှစ်အတွင်း အဆိုးရွားဆုံးခြေစွမ်း ဖြစ်တယ်လို့ ဝေဖန်ခဲ့တာပါ။
“မန်ယူနိုက်တက်ကို ကြည့်ရှုအားပေးလာခဲ့တာ ၄၂ နှစ် ရှိခဲ့ပါပြီ။ ရိုးသားစွာပြောရရင် ဒီနေ့ခြေစွမ်းကတော့ ကျနော်ကြည့်ခဲ့ဖူးသမျှ အဆိုးရွားဆုံးပါပဲ။ ၁၉၈၀ ပြည့်နှစ်လောက်ကစပြီး ကျနော်ကြည့်ရှုအားပေးခဲ့တယ်။ အပြင်ကနေ ကြည့်ရတဲ့ အချိန်မှာရော ကျနော်ကစားနေတဲ့ အချိန်အတွင်းမှာပါ ဒီလို နိုင်ပွဲဆာလောင်မှု ကင်းမဲ့နေတဲ့ ကစားသမားအစုအဖွဲ့မျိုး တခါမှ မမြင်ခဲ့ဖူးပါဘူး။ ဂိုးသမား ဒီဂီယာဟာ ကူညီမှုကင်းမဲ့နေပြီး သူ့ရှေ့က မျှော်လင့်ချက်မဲ့နေတဲ့ လူတွေကို ကြည့်နေခဲ့ရတယ်” လို့ ဂယ်ရီနဗီးလ်က ဝေဖန်ခဲ့ပါတယ်။
မန်ယူအသင်းဟာ ဒီပွဲအရှုံးရလဒ်ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် အလားအလာလည်း မှေးမှိန်သွားပြီး ပိုမိုရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။