၂ နှစ်ကြာအထိ ဆုဖလားမမျှော်လင့်ရန် မန်ယူပရိသတ်များကို နဗီးလ် တိုက်တွန်း

မန်ယူအသင်းပရိသတ်တွေအနေနဲ့ နောက်ထပ် ၂ နှစ်ကြာသည်အထိ ဆုဖလားအောင်မြင်မှုရရှိဖို့ မမျှော်လင့်သင့်ကြောင်း ဂယ်ရီနဗီးလ်က တိုက်တွန်းသွားပါတယ်။
မန်ယူအသင်းဟာ လာမယ့်ရာသီအတွက် နည်းပြသစ်အဖြစ် အိုင်းယက်နည်းပြ တန်ဟတ်ချ်ကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူခန့်အပ်ထားတာပါ။
နည်းပြသစ်တန်ဟတ်ချ်အနေနဲ့ အသင်းကို ပြုပြင်တည်ဆောက်မှုတွေ လုပ်ဆောင်ဖို့ အချိန်လို အပ်ပြီး ၂ နှစ်အတွင်းမှာ ဆုဖလားမမျှော်လင့်သင့်သေးကြောင်း ဂယ်ရီနဗီးလ်က သုံးသပ်ခဲ့တာပါ။
“ရိုးသားစွာပြောရရင် အဲရစ်တန်ဟတ်ချ်နဲ့ ပထမ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာ ဆုဖလားတွေရဖို့ ဖိအားတွေ အများကြီးမပေးသင့်ပါဘူး။ ဆုဖလားရခဲ့မယ်ဆိုရင်လည်း ကောင်းမွန်ပေမယ့် ဒါက ဖြစ်သင့်တာထက်ပိုနေလိမ့်မယ်။ ပထမဆုံးအနေနဲ့က ထိပ်ဆုံးလေးသင်းစာရင်းဝင်အောင် အရင်ဆုံးလုပ်ဆောင်ရမှာဖြစ်ပြီး သူလိုချင်တဲ့ ကစားပုံနဲ့အတူ ကစားသမားတွေကို ဆွဲဆောင်နိုင်အောင်လုပ်ဆောင်ရပါမယ်။ ယာဂန်ကလော့ပ်တောင် လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ၅ နှစ်စောင့်ခဲ့ရတယ်” လို့ ဂယ်ရီနဗီးလ်က ပြောပါတယ်။
နည်းပြတန်ဟတ်ချ်အတွက် ၃ နှစ်မြောက်ဘောလုံးရာသီက စတင်ပြီး ဆုဖလားအောင်မြင်မှုတွေ ရရှိမလားဆိုတာ စောင့်ကြည့်အကဲဖြတ်သွားမယ်လို့လည်း နဗီးလ်က သုံးသပ်ခဲ့ပါတယ်။