တရာသီအတွင်း ဆုဖလား ၄ လုံးရရန် မျှော်လင့်မထားကြောင်း လီဗာပူးနည်းပြပြော

လီဗာပူးအသင်းအနေနဲ့ ဘောလုံးရာသီတခုအတွင်းမှာ ဆုဖလားလေးလုံးစလုံးရယူနိုင်ဖို့ မျှော် လင့်မထားကြောင်း နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ ကရာဘောင် လိဂ်ရှုံးထွက်ဖလား ချန်ပီယံဖြစ်ထားသလို အက်ဖ်အေဖလားမှာလည်း မန်စီးတီးကို အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းကို တမှတ်အကွာနဲ့ ဖိအားပေး နေသလို ဥရောပချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေတာပါ။
ဆုဖလား ၄ လုံး ရယူနိုင်ဖို့ အခွင့်အရေးရှိနေပေမယ့် အဲဒီလိုဖြစ်လာဖို့ မဖြစ်နိုင်ကြောင်း လီဗာပူးနည်းပြ ကလော့ပ်က မန်စီးတီးကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီးမှာ ပြောပါတယ်။
“တရာသီအတွင်း ဆုဖလား ၄လုံးရယူနိုင်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ပြောချင်သလို ပြောလို့ရပါတယ်။ ဒီနေ့လို မန်စီးတီးနဲ့ပွဲစဉ်ကို ကြည့်ရုံနဲ့ ဆုဖလား ၄ လုံး ရယူနိုင်ဖို့က ပိုပြီးတော့ မဖြစ်နိုင်ဘူးဆိုတာ ပြသနေပါတယ်။ ကျနော်တို့ဟာ ဒီပွဲအပြီးမှာ ၃ ရက်သာခြားပြီး မန်ယူနိုက်တက်နဲ့ ကစားရမယ်။ ပြီးတော့ ပွဲတွေက ဆက်တိုက်တွေဖြစ်နေသလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတွေလည်းဖြစ်လို့ ပွဲစဉ်အားလုံးအနိုင်ရဖို့က မဖြစ်နိုင်သလောက်ပါပဲ” လို့ နည်းပြကလော့ပ်က မှတ်ချက်ပေးခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဧပြီ ၂၀ နဲ့ ၂၄ ရက်တွေမှာ မန်ယူနဲ့ အဲဗာတန်အသင်းတွေကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်သလို ဧပြီ ၂၈ ရက်မှာလည်း ဗီလာရီးရဲလ်နဲ့ အိမ်ကွင်းမှာပဲ လက်ခံကစားသွားရမှာဖြစ်ပါတယ်။