close

တန့်ဆည်မြို့နယ် ကျေးရွာအချို့ကို စစ်ကောင်စီက ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်းရွာနဲ့ ဂဒိတ်ကျေးရွာတွေကို  တိုက်ပွဲဖြစ်ပွားတာမရှိဘဲ  ဧပြီ ၂၁ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “သူတို့ ဘာကြောင့် ပစ်ခတ်တာဆိုတာကတော့ မသိဘူးဗျ။ လေယာဉ်နှစ်စီးနဲ့ကို လာပစ်တာ။ ကာကွယ်ရေးအဖွဲ့တွေ ပြောတာက Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးဖြစ်တယ်လို့တော့ ပြောတာပဲဗျ။ ကျနော်တို့ကတော့ အခုအသက်အရွယ်အထိရောက်တာ ဒါမျိုးလည်း မတွေ့ဖူးဘူး။ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ရုပ်ရှင်လိုမျိုး  ဂျပန်ခေတ်ပြန်ရောက်နေတဲ့ အတိုင်းပါပဲဗျာ။ လူတွေလည်း ဒုက္ခမျိုးစုံဖြစ်‌နေကြရတယ်။ ဘာတွေမှန်လို့ မှန်မယ်မှန်း အခုအချိန်အထိ မပြောနိုင်သေးဘူး။ ပြေးသူက ပြေးနေရတယ်။ ရွာထဲကျန်တဲ့သူတွေလည်း ကျန်ခဲ့တယ်ဗျ။ ဘယ်သူမှ ဘာမှမဖြစ်ပါစေနဲ့ ဆုတောင်းနေမိတယ်” လို့ ပြောပါတယ်။

အဲဒီနှစ်ရွာကြားမှာ စစ်ကောင်စီတပ်က မြေပြင်ကို တပ်သားတွေချဖို့ နယ်မြေရှင်းလင်းတာ ဖြစ်နိုင်တယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်တွေက ပြောဆိုနေကြပါတယ်။

စစ်ကိုင်းတိုင်း  ကသာခရိုင် ထီးချိုင့်မြို့နယ် တုံလုံကျေးရွာအနီးမှာလည်း ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက် တုံလုံရွာဘက်ကို စစ်ကြောင်းထွက်လာစဉ် ဒေသခံ PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက် ၁၀ နာရီလောက် စစ်ကောင်စီတပ်သား ၁၀ ယောက်လောက် တက်လာတယ်။ မိုင်းဆွဲခံရတဲ့ အသံကြားရတာက သုံးလုံးပဲ၊ သေတာတွေရှိတယ်။ ဒဏ်ရာရတာတွေရှိတယ်။ ဘယ်နှယောက်သေလဲ ဆိုတာတော့ သေချာမသိရဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

တုံလုံကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့  စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး အခင်းဖြစ်နေရာမှာ သေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Eagles Army -HPDF က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လပိုင်းကလည်း စစ်ကောင်စီတပ်နဲ့  Eagles Army HPDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက် တိုက်ပွဲဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရမှုအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

photo  - Eagles Army HPDF

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up