close

မယ်ဟောင်ဆောင်တွင် မြန်မာဘက်ခြမ်းပို့မည့် လက်နက်အစိတ်အပိုင်းများဖမ်းမိ

ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်မှာ မြန်မာဘက်ခြမ်းကိုပို့ဆောင်မယ့် လက်နက်အစိတ်အပိုင်းမျိုးစုံ ဖမ်းဆီးရမိတယ်လို့ မယ်ဟောင်ဆောင်ခရိုင်ရဲတပ်ဖွဲ့က ဧပြီ ၂၄ ရက်မှာ သတင်းစာ ရှင်းလင်းပါတယ် ။ 

မဲ့စရိန်းမြို့ မဲ့ခုံရပ်ကွက်ရှိ နဖတ် ဆန်းစ်ပွတ်ပါဆယ်ပို့ဆောင်ရေး ကုမ္ပဏီတခုမှာ ဧပြီ ၂၃ ရက် မွန်းတည့် ၁၂ နာရီက မသင်္ကာဖွယ်အထုတ် ၄ ထုတ်ရောက်ရှိလာပြီး နယ်မြေထဲကနေ မြန်မာ ဘက်ကို တရားမဝင်လက်နက်တွေ ပို့ဆောင်နေကြောင်း သတင်းပေးချက်လည်းရခဲ့လို့ သွားရောက်စစ်ဆေးကာ ပစ္စည်းလက်ခံမယ့်သူကိုလည်း ခေါ်ယူထိန်းသိမ်းထားတယ်လို့ မယ်ဟောင်ဆောင်ခရိုင်ရဲမှူးကြီး ဖစ်ချယားဘွန်းခကျွန်းက ပြောပါတယ်။ 

အဆိုပါအထုတ် ၄ ထုတ်မှာ ချင်းမိုင်ခရိုင် ချင်းမိုင်၊ ဟန်ဒုံး၊ ဆန်ပါတောင်းစတဲ့ မြို့အသီးသီးရှိ  ချိုင်းယွန်းယာဉ်အပိုပစ္စည်းဆိုင်၊ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးဆိုင် စတဲ့ မတူတဲ့နေရာ ၄ ခုက ပို့ဆောင်လိုက်ကြောင်း၊ လက်ခံမယ့်သူမှာတော့ မဲ့စရိန်းမြို့ မဲ့ယုမ်းရပ်ကွက် ၃ နေ နိုင်းနာ့သ်ဝုတ် ရောဖိဘွန်းနွန် (အသက် ၃၄ နှစ်) ဖြစ်တယ်လို့ ဆိုပါတယ်။ 

အဆိုပါ အထုတ် ၄ ထုတ်ထဲမှာတော့ ရိုင်ဖယ်၊ ပြောင်းတို၊ ပြောင်းရှည်သေနတ်အဖြစ် ချိတ်ဆက်တပ်ဆင်လို့ရမယ့် ဒင်၊ ပြောင်း၊ ကျည်အိမ်၊ ကျည်ကပ် စတဲ့ လက်နက်အစိတ်အပိုင်းအမျိူးမျိုး နဲ့အတူ ကျည်ဆန်အတောင့်ပေါင်း ၁၀၀၀ ကျော်လည်း ပါဝင်ပါတယ်။

နိုင်းနာ့သ်ဝုတ်ကလည်း အဆိုပါပစ္စည်းတွေကို ဆုပ်မွေးမြို့နယ် မဲ့ဆမ်လက်ရွာတဘက်ကမ်းရှိ စောဝါး နဲ့တကွ ကရင်အဖွဲ့အစည်းက လိုချင်တဲ့အတွက် မှာပေးရတာဖြစ်ကြောင်း၊ ပစ္စည်းတွေ ဝယ်ဖို့ နိုင်းနု ဆိုသူနဲ့ LINE ကနေ ဆက်သွယ်ကာ ကျသင့်ငွေကိုလည်း အွန်လိုင်းကနေပဲ ပေးချေရ တယ်လို့ ဖွင့်ဟဝန်ခံသွားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up