ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့တွင် မန်စီးတီးက ရီးရဲလ်ကို အနိုင်ရ

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနဲ့ စပိန်လာလီဂါက ရီးရဲလ်မက်ဒရစ်တို့ မနေ့ညကယှဉ်ပြိုင်ရာ မန်စီးတီးက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ထိပ်သီးအသင်းနှစ်သင်းရဲ့ ယှဉ်ပြိုင်မှုက အပြန်အလှန် သွင်းဂိုးတွေနဲ့ ကြည့်ကောင်းတဲ့ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီဘရိုင်း၊ ဂျီးဆပ်စ်၊ ဖိုဒန်၊ မာရက်ဇ်၊ ဘာနာဒိုဆေးလ်ဗား၊ ရိုဒရီ၊ အီဒါဆန် စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့သလို ရီးရဲလ်မက်ဒရစ်ကလည်း ဘင်ဇီမာ၊ ဗင်နီးစီးယပ်စ်၊ မိုဒရစ်၊ ရိုဒရီဂို၊ တိုနီခရူးစ်၊ အလာဘာ၊ ကော့တွိုက်စ် စတဲ့ အဓိက ကစားသမားအများစုနဲ့ ပွဲထွက်ခဲ့တာပါ။
အိမ်ရှင် မန်စီးတီးအသင်းဟာ ပွဲစကတည်းက တိုက်စစ်ဆင် ကစားခဲ့လို့ ဦးဆောင်ဂိုးတွေလည်း ရခဲ့ပြီး ထိုးဖောက်ကန်သွင်းခွင့်ရော ဘောလုံးပိုင်ဆိုင်မှုမှာပါ ရီးရဲလ်မက်ဒရစ်ကို အသာရခဲ့ပါတယ်။
မန်စီးတီးအသင်းအတွက် ဂိုးတွေကို ပွဲချိန် ၂ မိနစ်မှာ ဒီဘရိုင်း၊ ၁၁ မိနစ်မှာ ဂျီးဆပ်စ်၊ ၅၃ မိနစ်မှာ ဖိုဒန်နဲ့ ၇၄ မိနစ်မှာ ဘာနာဒိုဆေးလ်ဗားတို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။
ရီးရဲလ်အတွက် ချေပဂိုးတွေကိုတော့ ပွဲချိန် ၃၃ မိနစ်နဲ့ ၈၂ မိနစ်မှာ တိုက်စစ်မှူး ဘန်ဇီမာ၊ ၅၅ မိနစ်မှာ ဗင်နီးစီးယပ်စ်တို့က သွင်းယူပေးခဲ့ပါတယ်။
ဒီနှစ်သင်းရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ရီးရဲလ်မက်ဒရစ်ကွင်းမှာ လာမယ့် မေ ၄ ရက်ည ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒီနေ့ညမှာတော့ ဆီမီးဖိုင်နယ် တခြားပွဲစဉ်ဖြစ်တဲ့ လီဗာပူးနဲ့ ဗီလာရီးရဲလ်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။