ဗီလာရီးရဲလ်ကို လျှော့တွက်လျှင် ဂျူဗီနှင့်ဘိုင်ယန်ကဲ့သို့ ခံရလိမ့်မည်ဟု ကလော့ပ် သတိပေး

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ တွေ့ဆုံမယ့် ဗီလာရီးရဲလ်ကို လျှော့တွက်ရင် ဂျူဗီနဲ့ ဘိုင်ယန်အသင်းတွေလို ခံရလိမ့်မယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
စပိန်ကလပ် ဗီလာရီးရဲလ်အသင်းဟာ လာလီဂါမှာ အဆင့် ၇ နေရာမှာ ရပ်တည်နေတာပါ။ ဒါပေမဲ့ ၁၆ သင်းအဆင့်မှာ အီတလီထိပ်သီးကလပ် ဂျူဗင်တပ်စ်၊ ကွာတားဖိုင်နယ်မှာ ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် အသင်းတွေကို အနိုင်ယူ ကျော်ဖြတ်လာခဲ့တာပါ။
ဂျူဗီနဲ့ ဘိုင်ယန်အသင်းတွေဟာ ဗီလာရီးရဲလ်ကို လျှော့တွက်ခဲ့တာကြောင့် ဖြစ်နိုင်ပြီး လီဗာပူးအသင်းအနေနဲ့ သင်ခန်းစာယူသွားရမယ်လို့ နည်းပြ ကလော့ပ်က ပြောပါတယ်။
“ဂျူဗီနဲ့ ဘိုင်ယန်အသင်းတွေက လျှော့တွက်ခဲ့တာဖြစ်နိုင်ပြီး ဒါက သူတို့အတွက် အားသာချက် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့နဲ့ ရင်ဆိုင်ရာမှာတော့ အဲဒီအားသာချက် မရှိနိုင်တော့ဘူး။ သူတို့ရဲ့ ကစားပုံကို သေသေချာချာ လေ့လာသုံးသပ်ထားပြီး နည်းပြ အူနိုင်းနဲ့ ကစားသမားတွေကိုလည်း လေးစားမှုအပြည့်ရှိပါတယ်” လို့ လီဗာပူးနည်းပြ ကလော့ပ်က ပြောပါတယ်။
နည်းပြအူနိုင်းအမ်မရီဟာ ကမ္ဘာ့အဆင့် နည်းပြတဦးဖြစ်ပြီး ဗီလာရီးရဲလ်ကို အကောင်းဆုံး ကိုင်တွယ်နိုင်သူ ဖြစ်တယ်လို့လည်း ယာဂန်ကလော့ပ်က ချီးကျူးသွားပါတယ်။