close

မကွေးတိုင်းတွင် စစ်ကောင်စီတပ်က ဒေသခံအချို့ကို PDF ဟုစွပ်စွဲပြီး ဖမ်းဆီး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ ပခုက္ကူမြို့နယ်တွေမှာ ဧပြီ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုမြို့နယ် ကန်ထောင့်ကျေးရွာကို ဧပြီ ၂၆ ရက် ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ရောက်လာပြီး ကိုဖြိုးဇင်ဝင်းကို PDF လို့ စွပ်စွဲပြီး ပစ်ခတ်ဖမ်းဆီးခဲ့သလို သူ့ရဲ့မိဘနှစ်ပါးဖြစ်တဲ့  ဦးစောလင်းနဲ့ ဒေါ်ညိုညိုအေးတို့ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ကန်ထောင့်ရွာသားတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့မိသားစုက ရွာမှာ အေးအေးဆေးဆေး တောင်သူလုပ်ငန်းပဲ လုပ်ကိုင်စားသောက်ကြတာဗျ။ လက်လုပ်ဗုံးတွေ မိုင်းတွေဆိုတာကလည်း စစ်ကောင်စီတပ်တွေက ယူလာပြီး သူတို့ပစ္စည်းတွေနဲ့ လုပ်ကြံ မှတ်တမ်းယူသွားတာ။”

ရေစကြို PDF ခေါင်းဆောင် ရဲဘော်ဝေကြီးက “ကန်ထောင့်ရွာ လူငယ်တယောက် အပါအဝင် မိသားစုလိုက် အဖမ်းခံရတယ်လို့တော့ ကြားတယ်ဗျ။ အဲဒီ အဖမ်းခံရတဲ့ ကိုဖြိုးဇင်ဝင်းကတော့ ကျနော်တို့ PDF တပ်ဖွဲ့နဲ့ ဘာမှပတ်သက်မှုမရှိဘူး။ အဲဒီကန်ထောင့်ရွာဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ပတ်မွှေနေတယ်လို့တော့ ကြားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကန်ထောင့်ကျေးရွာကို နယ်မြေရှင်းလင်းဖို့ သွားတဲ့အချိန် PDF အကြမ်းဖက်အဖွဲ့ဝင် ဖြိုးဇင်ဝင်း ထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးကာ အားပေးကူညီနဲ့ မိဘဖြစ်သူ စောလင်းနဲ့ ညိုညိုအေးတို့ကိုပါ ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နေအိမ်အနီးနားက ငှက်ပျောတောမှာ ဝှက်ထားတဲ့ လက်လုပ်လက်ပစ်ဗုံး အကြီး ၄ လုံး၊ ရှော့တိုက်မိုင်း အကြီး ၅ လုံး၊ ဆပ်ပြာမှုန့်ဘူးနဲ့ လုပ်ထားတဲ့ ရှော့တိုက်မိုင်း တလုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက်က မသဲနုအောင်ကိုလည်း ဧပြီ ၂၅ ရက် မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေရောက်လာပြီး ဖမ်းဆီးသွားကာ လက်ကိုင်ဖုန်းကိုပါ သိမ်းဆည်းသွားကြတယ်လို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။

“မသဲနုအောင်ဟာ ပခုက္ကူမြို့ ဗိုလ်ချုပ်လမ်းက လျှပ်စစ်ပစ္စည်ဆိုင်တဆိုင်မှာ အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး တခြား လှုပ်ရှားတာတွေတော့ မတွေ့ရဘူးဗျ။ စစ်ကောင်စီဘက်က ပြည်သူလူထုရဲ့ ဖေ့စ်ဘုတ် လူမှုကွန်ရက်တွေကို အချိန်ပြည့် စောင့်ကြည့်နေတဲ့သဘောရှိတယ်။ လမ်းသွားရင်း သူတို့ စစ်ဆေးရေးဂိတ်မှာ လက်ကိုင်ဖုန်းကို စစ်ဆေးလို့ ဖမ်းဆီးရုံတင်မကဘူး၊ အိမ်တိုင်ရာရောက် လိုက်လံဖမ်းဆီးတယ်ဆိုတာ အတော်တရားလွန်နေပြီ။ ပြည်သူတွေအနေနဲ့လည်း အစစအရာရာ သတိထားမှရတော့မယ်။”

စစ်ကောင်စီပိုင် ဝါဒဖြန့် လူမှုကွန်ရက် မီဒီယာတွေမှာတော့ မသဲနုအောင်ဟာ လူမှုကွန်ရက်မှာ မဟုတ်မမှန် သတင်းတွေကို ပြည်သူတွေ ထိတ်လန့်အောင် ရေးသားဖြန့်ဝေတဲ့အပြင် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အပေါ် ဂုဏ်သိက္ခာ ကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ ရေးသား ဖြန့်ဝေနေလို့ ဖမ်းဆီးအရေးယူခဲ့တာလို့ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up