ပိုလန်နိုင်ငံသို့ ရုရှား ဓာတ်ငွေ့ဖြန့်ဖြူးမှု ရပ်ဆိုင်း

ယာမယ်လ် ကန်ထရိုက်အောက်ကနေ ပိုလန်နိုင်ငံဆီ ရုရှားက ဓာတ်ငွေ့ဖြန့်ဖြူးမှုကို ရပ်လိုက်ပြီလို့ နာမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ပိုလန်ရုပ်သံသတင်းဌာန ပိုးဆက်စ်နယူးစ် သတင်းဌာနနဲ့ အိုနက်ဒေါ့ပီအယ်လ် သတင်းအင်တာနက် စာမျက်နှာတို့က ဧပြီ ၂၆ ရက်မှာ ဖော်ပြပါတယ်။
ဒီနှစ်ထဲမှာ သက်တမ်းကုန်ဆုံးမယ့် ကာလရှည် ကန်ထရိုက်အောက်မှာ ပိုလန်အစိုးရပိုင် ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီ PGNiG SA က ရုရှားအစိုးရက အများစုပိုင်တဲ့ နိုင်ငံပေါင်းစုံ စွမ်းအင်ကော်ပိုရေးရှင်း ဂက်ဇ်ပရွန်ဆီကနေ ဓာတ်ငွေ့တွေ ဝယ်နေခဲ့တာပါ။
ပိုလန်ဟာ ရုရှား စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ကုမ္ပဏီတွေ စုစုပေါင်း ၅၀ ကို ဒဏ်ခတ်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးက ဧပြီ ၂၆ ရက်မှာ ပြောပါတယ်။ ဒါဟာ ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားအစိုးရအတွက် ဖိအားတွေတိုးလာအောင် ကြိုးစားတာလည်း ဖြစ်ပါတယ်။
ပိုလန်ဟာ အခုလအတွင်း ရုရှားအဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ကန့်သတ်လိုက်ပြီး ရုရှားဆီက ကျောက်မီးသွေးတင်သွင်းမှုကို တားမြစ်ဖို့၊ ဥရောပသမဂ္ဂ နိုင်ငံတွေက ပူးတွဲချမှတ်ထားသော ပိတ်ဆို့အရေးယူမှုထက် ကျော်လွန် အရေးယူဖို့ ခွင့်ပြုပေးခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းထဲက ကုမ္ပဏီတွေထဲမှာ စွမ်းအင်လုပ်ငန်း ဂက်စ်ပရွန်၊ ဓာတုနဲ့ ဓာတ်မြေဩဇာ ထုတ်လုပ်သူ အက္ခရွန်နဲ့ ကျောက်မီးသွေး ကုန်သွယ်ရေး ကုမ္ပဏီတွေဖြစ်တဲ့ SUEK နဲ့ KTK ပိုလ်စကာ ကုမ္ပဏီတွေလည်း ပါပါတယ်။
ရုရှားကတော့ ယူကရိန်းနိုင်ငံထဲက သူ့လုပ်ရပ်တွေဟာ ယူကရိန်းစစ်တပ်ကို လက်နက်ဖြုတ်သိမ်းဖို့နဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ ဖက်ဆစ်တွေ ဘေးကနေ ကာကွယ်ဖို့ အထူးစစ်ဆင်ရေးလို့ ပြောခဲ့ပါတယ်။
ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကတော့ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ရန်လိုကျူးကျော်စစ်အတွက် မူမမှန်တဲ့ အကြောင်းပြချက်အတုနဲ့ ရမယ်ရှာနေတာလို့ ပြောခဲ့ကြပါတယ်။