ယူကရိန်းစစ်ပွဲက ကြေကွဲစရာ နယ်ချဲ့ဝါဒကို အမှတ်ရစေဟု ပိုလန်နိုင်ငံခြားရေးဝန်ကြီး ပြော

ယူကရိန်းစစ်ပွဲဟာ ကြေကွဲစရာကောင်းတဲ့ နယ်ချဲ့ဝါဒကို အမှတ်ရစေတယ်လို့ အိန္ဒိယနိုင်ငံမှာ အလည်အပတ် ရောက်နေတဲ့ ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဇဘိဂညက်ရာအူးက ဧပြီ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။
ပိုလန်နဲ့ အိန္ဒိယတို့ဟာ နိုင်ငံခြား နယ်ချဲ့ဝါဒကို ကြေကွဲစရာ ကြုံဖူးတဲ့ နိုင်ငံတွေပဲလို့လည်း နယူးဒေလီမြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ရုရှားအင်ပါယာကို ပြန်တည်ထောင်ဖို့ ကြိုးစားမှုအနေနဲ့ ယူကရိန်းအပေါ် လက်ရှိ ရန်လိုနေတာကို မမြင်သလိုနေဖို့ အင်မတန် ခက်ခဲတယ်လို့လည်း ရာအူးက မီဒီယာတွေကို ပြောပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ ကျူးကျော်စစ်အပေါ် ပိုလန်နဲ့ အိန္ဒိယတို့ တုံ့ပြန်ပုံ ကွဲပြားခဲ့ပါတယ်။
ပိုလန်နိုင်ငံခြားရေးဝန်ကြီးက "ရုရှားကို လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့ရေး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲပေးချိန်က အိန္ဒိယဟာ ကြားနေမဲ ပေးခဲ့တာပါ။ ကျနော်တို့ဟာ ယုံကြည်ရလောက်တဲ့၊ စည်းကမ်းအခြေခံတဲ့ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်နဲ့ ကျနော်တို့ မျှဝေထားတဲ့ ချစ်ခင်လေးစားဖွယ် နိုင်ငံစုံဝါဒကို မြှင့်တင်ခြင်း အပါအဝင် အကျိုးစီးပွားတွေ၊ ဘုံတန်ဖိုးတွေ၊ စည်းမျဉ်းတွေကို တည်ဆောက်နိုင်တယ်လို့ ယုံတယ်" လို့ ပြောပါတယ်။
ပိုလန် နိုင်ငံခြားရေးဝန်ကြီးဟာ လစ်သူယေးနီးယားနဲ့ လူဇင်ဘတ်တို့လို အိမ်နီးချင်း နိုင်ငံခေါင်းဆောင်တွေ အပါအဝင် ဥရောပ ခေါင်းဆောင်တွေနဲ့အတူ ရိုင်စီနာ ဒိုင်ယာလော့ နိုင်ငံတကာ ညီလာခံမှာ ပါဝင်ဆွေးနွေးခဲ့တာပါ။
"ကျနော်တို့မှာ ဘယ်လိုဒုက္ခသည်စခန်းမှ မရှိဘူး။ ကျနော်တို့ အိမ်နီးချင်း ယူကရိန်းတွေအတွက် အိမ်တံခါးတွေ နှလုံးသားတွေကို ဖွင့်ထားဖို့ ပိုလန်နိုင်ငံသားတွေကို ဖျောင်းဖျဖို့ အတွေးအခေါ်ပဲ" လို့ ရာအူး ပြောပါတယ်။
စစ်မြေပြင်မှာ စစ်ပွဲနိုင်ဖို့ ယူကရိန်း ပြည်သူတွေကို အကြွင်းမဲ့ ထောက်ခံဖို့ အကျပ်အတည်း ကျော်လွှားရေးက ဦးဆောင်လိမ့်မယ်၊ အဲဒီနောက်မှာ သံတမန်ရေးအတွက် အခွင့်အရေး ပေးလိမ့်မယ်လို့လည်း ပြောပါတယ်။
သူဟာ ၉ နှစ်အတွင်း အိန္ဒိယနိုင်ငံကို ပထမဆုံး လာရောက်လည်ပတ်တဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်ပါတယ်။