close

တာချီလိတ်တွင် စိတ်ကြွဆေးပြားသန်းချီဖမ်းမိပြီးနောက် ရဲတပ်ဖွဲ့ဝင်များကို စစ်တပ်က ဖမ်းဆီး စစ်ဆေး

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ လွန်ခဲ့တဲ့ရက်ပိုင်းက ရဲဝန်ထမ်းဟောင်းတယောက်ရဲ့ နေအိမ်ကနေ စိတ်ကြွဆေးပြား ၁၂ သန်းကျော်နဲ့ လက်နက်တွေ ဖမ်းဆီးရမိတဲ့နောက် လက်ရှိရဲအရာရှိတွေရော အရင်က တာဝန်ကျခဲ့ဖူးပြီး ပြောင်းရွှေ့သွားသူတွေကိုပါ စစ်ကောင်စီရဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ ( စရဖ ) က ဖမ်းဆီးထားတယ်လို့ ဒေသခံ ရဲတပ်ဖွဲ့အသိုက်အဝန်းကနေ သိရပါတယ် ။ 

ဧပြီ ၂၄ ရက်ကစပြီး ဖမ်းဆီးတာမှာ ခရိုင်ရဲမှူးကြီး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရော ၊ အရင်က တာဝန်ထမ်းဆောင်ဖူးတဲ့  ရဲမှူးတွေအပါအဝင် စုစုပေါင်း ၁၆ ဦးရှိတယ်လို့  ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ တာချီလိတ်ဒေသခံ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ကြားရသလောက်က ခရိုင်အဆင့် မြို့နယ်အဆင့်ရဲမှူးကြီးတွေလည်းပါတယ်၊ အရင်က လူဟောင်းတွေလည်း ပြန်ခေါ်စစ်တယ်။ ၁၆ ဦးလောက်ဖမ်းထားပြီး ခုထိပြန်မလွှတ်သေးဘူး ၊ စရဖဘက်က ဖမ်းထားတာပါ။”

အခုလို ရဲအရာရှိတွေအဖမ်းခံရတာဟာ မူးယစ်ဆေးဝါးဖမ်းမိတဲ့ အိမ်က ဖေသက်ဟန် ( အသက် ၃၀ ကျော် ) ဆိုသူမှာ ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး ရဲအရာရှိအသိုင်းအဝိုင်းနဲ့ပါ နီးစပ်ကျွမ်းဝင်သူဖြစ်ကြောင်း ၊ သူ့အိမ်မှာတွေ့တဲ့ မူးယစ်ဆေးဝါးတွေဟာလည်း နေရာ အသီးသီးက ဖမ်းဆီးရမိတဲ့မူးယစ်ဆေးတွေဖြစ်နိုင်ပြီး ဗဟိုမူးယစ်ဌာနကို အကုန်မအပ်ဘဲ ပြန်ဖြန့်ဖြူးဖို့ ဘုံးထားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ထင်မြင်ယူဆနေပါတယ်။

ဖေသက်ဟန်ကတော့ ရဲအလုပ်ကထွက်ပြီး လုံခြုံရေးကုမ္ပဏီထောင်ထားကြောင်း၊ သူ့မှာ အလုပ်သမား ၄၀ ကျော်ရှိပြီး ဟိုတယ်မိုတယ်တွေက လုံခြုံရေးအစောင့်လိုအပ်ရင် အလှည့်ကျ လူပို့ပေးတာလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ညကတော့ ဖေသက်ဟန်နဲ့ သူ့လူတွေဟာ UWSA ဝတပ်ဖွဲ့ ပိုင်တဲ့ သော်တာဝင်းကုမ္ပဏီ (ဟုန်ပန်းကုမ္ပဏီ ) ဝင်းထဲရှိ ဟယ်ရီပေါ်တာ ကေတီဗွီကို သွားရောက်လည်ပတ်ရင်း ဝ တပ်ဖွဲ့ဝင်တချို့နဲ့ ခိုက်ရန်ဖြစ်ပြီး သေနတ်ပါ ပစ်ဖောက်ခဲ့ကြပါတယ်။ 

သေဆုံးဒဏ်ရာရသူမရှိသော်လည်းဘဲ ဝ တပ်ဖွဲ့ဝင်တွေရောက်လာကြသလို ဖေသက်ဟန်နဲ့ အဖွဲ့ကို အရေးယူပေးဖို့ ဝ ဘက်ကတိုင်ကြားတာကြောင့် စစ်တပ်၊ ရဲနဲ့ မြို့နယ်မှူးတွေက သူ့အိမ်ကို သွားရောက်စစ်ဆေးရင်း စိတ်ကြွဆေးပြား ၁၂ သန်း နဲ့ လက်နက်အချို့ပါ ဖမ်းဆီးရမိခဲ့တာပါ။ 

လောလောဆယ် ဖေသက်ဟန်နဲ့ အပေါင်းပါ ၁၀ ယောက်ကျော်ဟာ ဖမ်းဆီးအရေးယူခံထားရပြီး ဝ ဘက်ကတော့ တစုံတယောက်မှ အရေးယူခံရတာမရှိဘူးလို့ ဆိုပါတယ်။ 

UWSA ပိုင် ဟုန်ပန်းကုမ္ပဏီဝင်းဟာ ဧက ၅၀ လောက်ကျယ်ဝန်းပြီး အထဲမှာ ကေတီ ဗွီဆိုင်ဖွင့်ထားသလို ကြီးမားတဲ့ဟိုတယ်ကြီးတစ်လုံးလည်း ဆောက်လုပ်နေတာပါ။ အထဲမှာ ဝန်ထမ်းပေါင်းရာနဲ့ချီရှိပြီး ပြဿနာဖြစ်ပြီးတဲ့နောက်ပိုင်း သူတို့ဝင်းနားက ပြည်သူတွေ သွားလာနေကျ ဖြတ်လမ်းကိုလည်း ပိတ်ပစ်လိုက်တယ်လို့  တာချီလိတ်ဒေသခံက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up