နိုင်ငံမြောက်ပိုင်းရှိ ရုရှားတပ်များကို ယူကရိန်း ထိုးစစ်ဆင်နေ

ရုရှားတပ်တွေ ယူကရိန်းအရှေ့ပိုင်း စစ်မျက်နှာဆီ တပ်ဦးမလှည့်နိုင်အောင် ဟန့်တားတဲ့အနေနဲ့ ယူကရိန်းမြောက်ပိုင်းက ရုရှားတပ်တွေကို ထိုးစစ်ဆင်နေတယ်လို့ ယူကရိန်းစစ်တပ် ပြောခွင့်ရက ဧပြီ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားဟာ ယူကရိန်းနိုင်ငံထဲက ထိုးစစ်တွေကို အရှိန်မြှင့်နေတယ်လို့လည်း ယူကရိန်းစစ်တပ် ပြောခွင့်ရ အိုလက်စန်ဒါ ရှတူပွန်က နေ့စဉ်ထုတ်ပြန်ချက် ရုပ်သံထဲမှာ ပြောပါတယ်။
ဒန်ညက်စ်နဲ့ စလိုဗိုဂျန်စကီမြို့တွေဘက်မှာ အကြီးကျယ်ဆုံး လှုပ်ရှားနေတာ လေ့လာမိတယ်လို့လည်း ရှတူပွန်က ပြောပါတယ်။
ရုရှားဒုံးကျည်တွေဟာ တညတည်းမှာ ယူကရိန်းစစ်တပ် ပစ်မှတ်လေးခုကို ထိမှန်ခဲ့ပြီး ယူကရိန်းအရှေ့ပိုင်းက အီဗာနစ်ဗ်ကာနဲ့ ဘာဗင်ကိုဗာ ရပ်ကွက်တွေနားက ဒုံးကျည်နဲ့ အမြောက်သိုလှောင်ရုံ ၂ ခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၈ ရက်မှာ ပြောပါတယ်။
ရုရှားတပ်တွေဟာ လူဟန့်စ်ဒေသနားမှာ ယူကရိန်းရဲ့ SU-24 တိုက်လေယာဉ်ကိုလည်း ပစ်ချခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။