မတူပီ-မင်းတပ် လမ်းမကြီးပေါ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၈ ဦးသေဆုံး

ချင်းပြည်နယ်၊ မတူပီ-မင်းတပ် လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (CDF-Matupi) တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၈ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရှိခဲ့တယ်လို့ CDF-Matupi က ထုတ်ပြန်ပါတယ်။
မတူပီမြို့ကနေ ကျောက်ထုမြို့ကို ထွက်ခွာလာတဲ့ ယာဉ်အစီးရေ ၇၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့တို့ မတူပီမြို့ ၈ မိုင်လောက်အကွာ မင်းတပ်လမ်းမကြီးပေါ်မှာ ဧပြီ ၂၇ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြတာပါ။
အဆိုပါတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၈ ယောက် ကျဆုံးခဲ့တာဖြစ်ပြီး ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့တွေက အထိအခိုက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ မတူပီမြို့နယ်အတွင်းကို စစ်ကောင်စီတပ်ဖွဲ့တွေဘက်က စစ်အင်အား အလုံးအရင်းနဲ့ အင်အားဖြည့်တင်းလာတဲ့အတွက် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်တယ်လို့လည်း ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
အဲဒီလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မတူပီ-မင်းတပ် လမ်းမကြီးပေါ်မှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ CDF-Matupi တပ်ဖွဲ့ကြား မကြာမကြာ ထိတွေ့တိုက်ပွဲတွေကြောင့် မတူပီ-မင်းတပ် လမ်းမကြီးပေါ်ရှိ ကျေးရွာနေပြည်သူ အယောက် ၁,၀၀၀ လောက် တောတောင်တွေမှာ စစ်ဘေးရှောင်နေကြရပါတယ်။