မာရီယူပိုမြို့မှ အရပ်သားများ ကယ်ထုတ်ရေး ကြိုးစားမည်ဟု ကုလအကြီးအကဲပြော

ယူကရိန်းနိုင်ငံ မာရီယူပိုမြို့ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ထုတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။
လောလောဆယ်မှာ ဒီလုပ်ငန်းစဉ်အပေါ် ထိခိုက်စေနိုင်တဲ့ မှတ်ချက်ပေးမှာ မဟုတ်ဘူးလို့လည်း ယူကရိန်းနိုင်ငံမှာ ရောက်နေတဲ့ ကုလအကြီးအကဲက ပြောပါတယ်။
ဂူတာရက်စ်ဟာ ဧပြီ ၂၆ ရက်က ရုရှားကို သွားရောက်ပြီး သမ္မတ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ကိယက်ဗ်မှာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။
ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံစဉ် စစ်ပွဲအတွင်း ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ထုတ်နိုင်ရေး သမ္မတ ပူတင်က မူအားဖြင့် သဘောတူခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။