ထိုင်းနိုင်ငံ ၅၉ ခရိုင်တွင် မိုးသက်လေပြင်းကျမည်ဟု မိုးဇလသတိပေး

ထိုင်းနိုင်ငံ မိုးလေဝသနဲ့ဇလဗေဒဌာနရဲ့ ဧပြီ ၂၉ ရက်ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ချက်အရ လာမယ့် ၂၄ နာရီအတွင်းနဲ့ မေလ ၂ ရက်အထိ ထိုင်းနိုင်ငံ နေရာအနှံ့အပြား အထူးသဖြင့် ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ ဘန်ကောက်အနီးတဝိုက် ဧရိယာ အပါအဝင် ထိုင်းနိုင်ငံအလယ်ပိုင်းမှာ မုန်တိုင်းဝင်ပြီး မိုးသက်လေပြင်း ကျရောက်နိုင်တယ်လို့ ခန့်မှန်းပါတယ်။
နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထိ ပူပြင်းပြီးတဲ့နောက် မုန်တိုင်းဝင်ရောက်ဖွယ်ရှိကြောင်း၊ မိုးသက်လေပြင်းကျတာ၊ တချို့နေရာမှာ မိုးသီးတွေကြွေတာ၊ လျှပ်စီးလက် မိုးကြိုးပစ်တာတွေပါ ဖြစ်ပေါ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ လေဟာပြင်မှာနေထိုင်တာ၊ သစ်ပင်ကြီးအောက်၊ ဆိုင်းဘုတ်တိုင်တွေအောက် နေထိုင်သွားလာတာကို သတိထားရှောင်ကြဉ်ဖို့၊ တောင်သူလယ်သမားတွေ အနေနဲ့ မိမိစိုက်ပျိုးသီးနှံ ဘေးလွတ်အောင် ကြိုတင်ပြင်ဆင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။
မိုးသက်လေပြင်း သတိထားရမယ့် ခရိုင်တွေကတော့ ထိုင်းမြောက်ပိုင်း ချင်းမိုင်၊ လမ်းပွန်း၊လမ်းပန်း၊ တာ့ခ်၊ နန့်၊ ဥဒရဒေ့၊ ဆုခိုထိုင်း၊ ကမ်ဖိုင်ဖစ်၊ ဖိကျစ်၊ ဗိစနုလုတ်နဲ့ ဖစ်ချဘွန်းခရိုင်တို့ ပါဝင်ပါတယ်။
ထိုင်းအရှေ့မြောက်ပိုင်းမှာ လွေး၊ နောင်ဘိုလမ်းဖူး၊ ဥဒွန်းဌာနီ၊ နောင်ခိုင်၊ ဘင်ကန်၊ စကွန်းနခွန်း၊ နခွန်းဖနုန်၊ မုဒ်တာဟန်၊ ယဆိုထွဏ်း၊ ကာလားဆင်၊ ခွန်ကဲင်၊ ချိုင်းယဖုမ်း၊ နခွန်းရာ့ချ်ဆီမား၊ မဟာဆာရခမ်း၊ လွဲ့အစ်၊ အမ်နတ်ကျရွန်း၊ ပူရီရမ်၊ ဆူရင်း၊ ဆီစကစ်နဲ့ ဥဘွန်းရာ့ချ်ဌာနီတို့ ပါပါတယ်။
ထိုင်းအလယ်ပိုင်းမှာ နခွန်းဆဝမ်၊ ဥထိုင်းဌာနီ၊ ချိုင်းနတ်၊ ဆုဖန်းပူရီ၊ လုပ်ပူရီ၊ ဆရပူရီ၊ ဆင်းပူရီ၊ အန်ထောင်း၊ အယုဒ္ဓယ၊ နခွန်းပထုံ၊ စမွတ်ဆုန်ခန်း၊ စမွတ်စခွန်း၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီနဲ့ ဘန်ကောက်နယ်မြေအနီးတဝိုက်တို့ ဖြစ်ပါတယ်။
ထိုင်းအရှေ့ပိုင်းမှာ နခွန်းနာယုဒ်၊ ပရာကျင်းပူရီ၊ ဆာကယောက်၊ ချချိန်းဆောဝ်း၊ ချွန်းပူးရီး၊ လယောင်း၊ ကျန်ထပူရီနဲ့ တလတ်ခရိုင်တွေ ပါပါတယ်။ ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ဒေသတချို့မှာ မီးခိုးမြူတွေ အသင့်အတင့် ထူထပ်နိုင်ပါတယ်။
ထိုင်းအလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာတော့ တောင်ဘက်အရပ်က လေတွေ တိုက်ခတ်နိုင်တဲ့အတွက် မိုးတွေရွာပြီး မီးခိုးမြူပါးသွားမယ်လို့ ထိုင်းမိုးဇလ ထုတ်ပြန်ချက်ကို ကိုးကားပြီး PPTV36 ထိုင်းသတင်းမှာ ဖော်ပြပါတယ်။