ဒီပဲယင်းနှင့်စစ်ကိုင်းတွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဒီပဲယင်းနဲ့ စစ်ကိုင်းမြို့နယ်တို့မှာ ဧပြီ ၂၉ ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်တာကြောင့် အမျိုးသမီး ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း တံတားပေါ်မှာ ဧပြီ ၂၉ ရက်နေ့က စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုတာ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
"နေ့လယ် ၂ နာရီလောက် စစ်ကောင်စီတပ်တွေက မုံရွာ မန္တလေ ကားလမ်းပေါ် က ညောင်ပင်ဝန်းတံတားမှာ ကားတွေစစ်ဆေးတယ်၊ ကားတစီးမောင်းပြေးသွားတယ်၊ အဲဒါကို စစ်ကောင်စီတပ်တွေလိုက်ပစ်ရင်း တံတားပေါ်ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး ၂ ယောက် သေနတ်မှန်တာ၊ တယောက်က နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်၊ တယောက်ဒဏ်ရာရပြီး ဆေးရုံပို့လိုက်ရတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
သေဆုံးသူမှာ မြင်းမူမြို့နယ် ညောင်းရင်းရွာသူဖြစ်တယ်လို့ သိရပြီး ရုပ်အလောင်းကို စစ်ကောင်စီတပ်တွေက ညနေ ၄ နာရီမှာ လာရောက်ယူသွားတယ်လို့ သိရပါတယ်။
ဒီပဲယင်းမြို့နယ် ယင်းတွေကျေးရွာနဲ့ မဲသည်ကျေးရွာတွေကို ဧပြီ ၂၉ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်တာကြောင့် အမျိုးသမီးတယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက်ပိုင်း ဒီပဲယင်းအနောက်ဘက် ကွက်သစ် အင်းတန်းဘက်ကနေ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာခဲ့တယ်။ သူတို့ ဝင်လာပြီး လက်နက်ကြီးပစ်တယ်၊ လက်နက်ကြီးမှန်ပြီး အမျိုးသမီး ၅ ဦးဒဏ်ရာရတယ်၊ အဲထဲက တဦးက သေဆုံးသွားတယ်၊ ကျန် ၄ ဦးက စိုးရိမ်ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ယင်းတွေ၊ မဲသည်၊ ဝဘာရွာအပါအဝင် ကျေးရွာ ၇ ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။