ကိုလံဘီယာတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ပြီး မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ပစ်ခတ်ဖြိုခွင်း

ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုကိုတာမှာ ဧပြီ ၂၈ ရက်က ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ရဲတပ်ဖွဲ့က ရေအမြောက်တွေ၊ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။
အစိုးရဆန့်ကျင်ရေး ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့တာ တနှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆန္ဒပြရင်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး လူ ၁၃ ယောက် အဖမ်းခံရကာ ရဲအရာရှိ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲအစီရင်ခံစာတွေက ဆိုပါတယ်။
သမ္မတ အီဗန်ဒူကေးကို ဆန့်ကျင်တဲ့ ပြည်လုံးကျွတ်သပိတ် တနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ကျောင်းသားတွေ လုပ်သားတွေ မြို့တော် ဘိုကိုတာက လမ်းတွေပေါ်ကို ဧပြီ ၂၈ ရက်က ထွက်လာခဲ့ကြတာပါ။
အခြေခံဝင်ငွေတိုးရေးနဲ့ ရဲအကြမ်းဖက်မှု အဆုံးသတ်ရေး အပါအဝင် တောင်းဆိုချက်တွေအတွက် မနှစ်က ကိုလံဘီယာနိုင်ငံတလွှား မြို့တွေမှာ သီတင်းပတ် ၆ ပတ်ကြာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး လူ ၂၉ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့အထဲမှာ အများအပြားက ရဲတွေ အင်အားအလွန်အကျွံသုံးလို့ သေတာလို့ အပြစ်တင် ထားကြပါတယ်။