close

သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်မြောက်ရေး ဘန်ကောက်မြို့တွင် ဆန္ဒပြ

ဖမ်းဆီးခံ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးနဲ့  စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက် ရှုတ်ချတဲ့အနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်မှာ မြန်မာနိုင်ငံသားတွေက မေလ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေက ၊ "အမေစု ကျန်းမာပါစေ"၊ "နိုင်ငံရေးအကျဉ်းသားတွေ ချက်ချင်းလွှတ်" ၊ "ပြည်သူကို ခြိမ်းခြောက်နေတဲ့ မြန်မာသံရုံး - အလိုမရှိ"စတဲ့ ကြွေးကြော်သံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံတွေကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
Bright Future  အဖွဲ့နဲ့  Internal Rehabilitation Association(RIA) အဖွဲ့တို့က ဦးဆောင်ပြီး   ထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမား ၅၀၀ လောက်ပူးပေါင်းပါဝင်ကာ   ညနေ ၄ နာရီ ကနေ ည ၈ နာရီအထိ ထိုင်းနိုင်ငံရဲ့ ကိုဗစ် စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ  ဆန္ဒပြခဲ့ကြပါတယ်။ 

သပိတ်ဦးဆောင်သူ တယောက်က  “အဓိက စစ်အာဏာရှင်ကိုတိုက်ထုတ်ဖို့အတွက် ဒီပွဲကို လုပ်ဖြစ်တာပါ။ မျှော်လင့်ထားတဲ့ လူဦးရေထက်ပိုပြီးများပြားခဲ့လို့ အရမ်းကိုပီတိဖြစ်မိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ဆန္ဒပြပွဲမှာပူးပေါင်းပါဝင်ခဲ့သူ ကိုဇင်မင်းက “ ထိုင်းနိုင်ငံပြည်သူတွေဟာ မြန်မာနိုင်ငံက ပြည်သူတွေအတူ ရပ်တည်နေတယ်ဆိုတာ ပြသဖို့ ဒီဆန္ဒပြပွဲကိုလုပ်ဆောင်ခဲ့တာဖြစ်တယ်။ နောက်ထပ်ကျင်းပမယ့် ဆန္ဒပြပွဲမှာလည်း ဒိထက်ပိုအင်အားများတဲ့ သပိတ်မျိုးထပ်လုပ်ဖို့ ရှိသလို အလုပ်သမား အထောက်အထားတွေ အပြည့်အစုံကိုင်ဆောင်ထားတဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားအားလုံး ပါဝင်နိုင်ပါတယ်” လို့ ပြောပါတယ်။

ဆန္ဒပြပွဲမှာ ထိုင်းတက္ကသိုလ်ကျောင်းသားတွေလည်း လာရောက်ပူးပေါင်းခဲ့ကြပြီး ထိုင်း၊ မြန်မာ ၂ ဘာသာနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ မနက် ၈ နာရီလောက်ကလည်း မေဒေးနေ့အထိမ်းအမှတ် ဘန်ကောက်မြို့ရှိ ဒီမိုကရေစီကျောက်တိုင်မှာ ထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေပူးပေါင်းပြီး လူဦးရေ ၁၀၀၀ ကျော် စုဝေး လမ်းလျှောက် ချီတက်ကာ အလုပ်သမားအခွင့်အရေးရရှိရေး ဆန္ဒပြခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up