တာ့ခ်ခရိုင် ဝမ်းကျောက်မြို့နယ်တွင် မိုးသည်းထန်ပြီး ရေကြီးနေ






ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ဝမ်းကျောက်မြို့ထဲမှာ ဒီကနေ့ မိုးသည်းထန်ပြီး လမ်းပေါ်မှာ ရေတွေကြီးနေတယ်လို့ AEC အာစီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မြို့တွင်းမြူနီစီပယ်ဧရိယာ ပလိုင်ဆင်ဆပ်ဈေးရှေ့၊ ဝပ်ချိန်းထောင်းန်ကျောင်းတိုက်အနီးဈေးရှေ့နဲ့ ဖဟွန်ယိုးထင်းအမှတ် ၁ အဝေးပြေးလမ်းမကြီး ရဲကင်းအရှေ့ စတဲ့ ၃ နေရာမှာ ရေကြီးနေတာလို့ ဆိုပါတယ်။
လောလောဆယ် သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့က အချင်း ၁၂ လက်မရှိ ပိုက်လုံးတွေနဲ့ ရေစုပ်ထုတ်နေပြီး လမ်းသွားလမ်းလာများအတွက် အရေးပေါ်သတိပေးဆိုင်းဘုတ်တွေ ထောင်ထားတယ်လို့ ဆိုပါတယ်။
အလားတူ တာ့ခ်မြို့ နောင်ဗိုတိုက်အုပ်စုထဲမှာလည်း ရေတွေဝင်လာကြောင်း၊ တာဝန်ရှိသူတွေက ရေတွေစုပ်ထုတ်နေပေမယ့် ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၆ မှာတော့ အချိန်မီရေမစုပ်နိုင်လို့ လူနေအိမ်ခြေနဲ့ စိုက်ခင်းတွေထဲ ရေတွေဝင်နေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။