close

စစ်တပ်က တလအတွင်း ပြည်သူ့အိုးအိမ် ၃၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

စစ်တပ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ လက်ပါးစေ အဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံးလောက်ထိ တိုးလာခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံအနှံ့ နေရာပေါင်း ၂၉၆ နေရာလောက်မှာ ဖြစ်ပွားခဲ့ပြီး မြေပုံ၊ ဂရပ်တွေနဲ့တကွ ယှဉ်တွဲဖော်ပြထားကာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို ရက်အလိုက်၊ ဖြစ်စဉ်အလိုက် ပြန်စီပြီးတော့ ရေတွက်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃၀  ရက်အထိ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့အတွက် လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှု အစဉ်လိုက်စာရင်းမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးက ၇,၅၀၃ လုံးနဲ့ အများဆုံးဖြစ်ပြီး သူ့နောက်မှာ မကွေးတိုင်းက ၂,၁၃၁ လုံး၊ ချင်းပြည်နယ်က ၁,၁၄၇ လုံး၊ ကယားပြည်နယ်က ၄၀၇ လုံးစီနဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်နေပါတယ်။

လအလိုက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း လူနေအိမ်ပေါင်း ၃,၅၁၄ လုံးကို ဖျက်ဆီးခဲ့ကြပြီး ဇန်နဝါရီလမှာတော့ ၁,၀၅၉ လုံး၊ ဖေဖော်ဝါရီလမှာ ၂,၈၈၂ လုံး၊ မတ်လမှာ ၁,၈၅၃ လုံးကို မီးရှို့ဖျက်ဆီးမှု အများဆုံး ကျူးလွန်ခဲ့ကြတာကို တွေ့ရပါတယ်။

Data for Myanmar အဖွဲ့အနေနဲ့ သတင်းဌာနတခုချင်းစီက မတူညီတဲ့ အရေအတွက်တွေကို cross-check လုပ်ပြီး စိစစ်ထားသလို ဒေသခံ လူအခွင့်အရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းတွေကို အခြေခံထားပြီး မပြည့်စုံတဲ့ အချက်အလက်တွေ ချန်ထားခဲ့ရတာမို့ မြေပြင်အရေအတွက်က ပိုများနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံး ပြည်သူ ၁,၈၀၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၅၀၀ နီးပါးထိ ရှိလာခဲ့ပြီလို့ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up