စစ်ကိုင်းတိုင်းအတွင်း ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် မီးရှို့နေ

စစ်ကိုင်းတိုင်းအတွင်းက ခင်ဦးမြို့နယ်က အင်းပတ်ရွာနဲ့ အရာတော်မြိုနယ်က မလဲသာရွာတွေကို စစ်ကောင်စီတပ်က မေလ ၂ ရက်မှာ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းပတ်ရွာကို မေ ၂ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်မှာ ဝင်ရောက် စီးနင်းခဲ့ပြီး နေ့လယ် ၁၂ နာရီ ကျော်အချိန်မှာ ကျေးရွာကို စတင် မီးရှို့ဖျက်ဆီးတာလို့ ဒေသခံရွာသားတွေက ပြောပါတယ်။
အရာတော်မြို့နယ် မလဲသာကျေးရွာကိုလည်း မေ ၂ ရက် မနက် ၁၁ နာရီလောက်မှာ မီးရှို့ဖျက်ဆီးတယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
“သူတို့လာတော့ ရွာလုံးကျွတ်ထွက်ပြေးကြရတာ။ အခု မီးလောင်နေတာတောင် ဘယ်သူမှ ပြန်မငြှိမ်းရဲဘူး။”
မီးရှို့ခံရတဲ့ မလဲသာကျေးရွာဟာ အိမ်ခြေ ၈၀၀ ကျော်ရှိပြီး အင်းပတ်ကျေးရွာကတော့ အိမ်ခြေ ၅၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုစစ်ကောင်စီက မီးရှို့ခဲ့တဲ့ မလဲသာကျေးရွာ နဲ့ အင်းပတ်ကျေးရွာတွေရဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ်အရေအတွက်ကိုတော့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။
ကျေးရွာတွေက ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီ ဘက်ကတော့ သူတို့တပ်ဖွဲ့တွေ လုပ်တာမဟုတ်ဘူးလို့ အမြဲငြင်းဆိုလေ့ရှိပါတယ်။