close

အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ရေး ကေအန်ပီပီ ဆက်လက်တိုက်ပွဲဝင်မည်

Photo-KNPP

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနဲ့ အာဏာရှင်စနစ်မှန်မျှ အမြစ်ပြတ်ရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးအတွက် ပြည်သူတရပ်လုံးနဲ့အတူ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပါတီထူထောင်ခြင်း ၆၅ နှစ်မြောက်နေ့မှာ ထုတ်ပြန်ပါတယ်။

မေလ ၂ ရက်မှာ ကျရောက်တဲ့ KNPP ထူထောင်ခြင်း ၆၅ နှစ်မြောက်နေ့မှာ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပြီး အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ် ချေမုန်းရေးအတွက် ကရင်နီအမျိုးသားတရပ်လုံးနှင့်တကွ တခြားသော တိုင်းရင်းသားလူမျိုးများ၊ အစုအဖွဲ့တွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင်  လူသားချင်းစာနာထောက်ထားမှုအပါအဝင် နိုင်ငံရေး၊ သံတမန်ရေးရာနဲ့ စစ်ရေးတို့ကို ရှေ့တန်းတင်ပြီး ဒေသတွင်းရှိ သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ နိုင်ငံတကာက သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့  ဆက်စပ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

KNPP ဟာ   ကရင်နီအမျိုးသားခုခံတော်လှန်ရေး ပါတီတရပ်ဖြစ်တဲ့အတွက် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့  ဒီမိုကရေစီရေးတို့အတွက် အာမခံချက်ရှိတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ နိုင်ငံရေးပါတီဖြစ်ပြီး တော်လှန်ရေးကာလ တလျှောက်မှာလည်း ပြည်သူတို့အတွက် အရေးပါတဲ့ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ စီမံအုပ်ချုပ်မှုကဏ္ဍတွေ ဆောင်ရွက်နေတဲ့ နေကြောင်း ထုတ်ပြန်ထားပါတယ်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီးတော့လည်း ကေအန်ပီပီအနေနဲ့  ၁၉၆၀ ပြည့်နှစ်နဲ့ ၁၉၉၀ ပြည့်နှစ်အတွင်း ပါဝင်ခဲ့သလို ၂၀၁၂ ခုကနေ ၂၀၂၀ အတွင်းမှာလည်း ပါဝင်ခဲ့ပေမဲ့ မြန်မာပြည်မှာ ဆယ်စုနှစ်များစွာနဲ့ချီပြီး  ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာ အရင်းအမြစ်ကို  ဖြေရှင်းမှုမျိုး မဟုတ်ဘဲ အပေါ်ယံ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေကို လက်မခံခဲ့တာကြောင့်လည်း ကရင်နီ ခုခံတော်လှန်ရေး ဆက်လက်ဆင်နွှဲနေရတာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

၁၉၄၈ ခုနှစ် ဩဂုတ် ၉ ရက်မှာ စတင်လိုက်တဲ့ ကရင်နီအမျိုးသားခုခံတော်လှန်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တွေက ၁၉၅၇ ခုနှစ် မေလ ၂ ရက်နေ့မှာ ကရင်နီပြည် လိုပွာခိုခရိုင်၊ ပိုဝေါ်မြို့နယ်၊ ဟီလူ (ကသိုးခီး) ရွာမှာ (KNPP) ကို စတင်တည်ထောင်ခဲ့ကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up