close

ကနီမြို့နယ်၊ ဝင်မနားနယ်မြေရဲစခန်းတွင် စစ်တပ်ထောင်ထားသည့် မိုင်းနင်းမိပြီး ရွာသား ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝင်မနားနယ်မြေခံရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ မေ ၄ ရက် မနက် ၉ နာရီလောက်က တပ်ရုပ်သိမ်းပြီး နင်းမိုင်းတွေ ထောင်ထားခဲ့လို့ ဒေသခံပြည်သူ ၂ ယောက် မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့ နင်းမိုင်းဟာ မနက် ၁၁ နာရီလောက်မှာ  ဝင်မနားရဲစခန်း အဝင်ပေါက် အလယ်တည့်တည့်မှာ တစ်လုံးနဲ့ တံခါးဘေးနားကပ်ရပ်က တစ်လုံး၊ စုစုပေါင်း နှစ်လုံးပေါက်ကွဲပြီး မီးငြှိမ်းသတ်ဖို့သွားတဲ့ ပြည်သူနှစ်ဦး အခုလို ထိခိုက်ခဲ့ရတာပါ။ 

ဒေသခံ ရွာသားတစ်ဦးက“မနက်ခင်းက ဒီကောင်တွေ ရွာထဲကနေအိမ် ၃ လုံးရယ်၊ သူတို့စခန်းထဲက ရဲလိုင်းခန်းတွေ၊ သူတို့စီးခဲ့တဲ့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ရုံးပရိဘောဂတွေ အကုန်မီးရှို့ခဲ့တယ်။ အဲဒါတွေလုပ်ပြီး စခန်းထဲကို နင်းမိုင်းတွေ ထောင်ထားခဲ့တယ်။ သူတို့ကတော့ ၉ နာရီခွဲလောက်ရောက်တော့ စခန်းပစ်ထားခဲ့ပြီး ထနှောင်းပကားရွာဘက် အကုန်ထွက်သွားကြတယ်။ သူတို့ထွက်သွားပြီဆိုတာနဲ့ ကျနော်တို့တတွေ သူတို့ မီးရှို့ထားခဲ့ဟာတွေကို မီးငြှိမ်းသတ်ဖို့ သွားခဲ့ကြတယ်။ အဲဒီလို မီးငြှိမ်းဖို့သွားရင်း ဒီကောင်တွေ ထောင်ထားခဲ့တဲ့ နင်းမိုင်းနင်းမိပြီး ‌ဒေသခံရွာသားနှစ်ဦး မိုင်းထိခဲ့တယ်။ ခြေထောက်တွေ အကုန်ဖြတ်ပစ်ရမယ်လို့တော့ ထင်တယ်ဗျ” လို့ ပြောပါတယ်။

ကနီမြို့နယ်ပကဖတာဝန်ရှိသူကလည်း “ဒီကောင်တွေ စခန်းစွန့်ပစ်ခဲ့တာဟာ ကျနော်တို့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့အနေနဲ့ သံသယဖြစ်တယ်။ အခုလည်းသူတိုထောင်ခဲ့တဲ့ နင်းမိုင်းမိပြီး နှစ်ဦး ခြေထောက်ဒဏ်ရာရထားတယ်။ အခြေအနေကတော့ ခြေထောက်ဖြတ်ရမယ်လို့တော့ ထင်တယ်ဗျ။ လိုအပ်တဲ့ ဆေးဝါးကုသတာတွေတော့ လုပ်ဆောင်နေပါပြီ။ ကျနော်တို့ မြို့နယ် ပကဖအနေနဲ့ အဲစခန်းကို ကန့်သတ်နယ်မြေလုပ်ထားလိုက်တယ်။ ဘယ်သူမှ ဖြတ်သန်းသွားလာခွင့် မပြုဘူး” လို့ ပြောပါတယ်။

ကနီမြို့နယ်၊ ဝင်မနားစခန်းက စစ်ကောင်စီတပ်တွေကို ပြည်သူကာကွယ်ရေးအဖွဲ့တွေက အကြိမ်ကြိမ် ဝင်ရောက်ပစ်ခတ်ခဲ့တာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up