close

မြန်မာတွင် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူ ၂၄ သန်းကျော်ရှိ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူအရေအတွက်ဟာ ၂၄ သန်းကျော် ရှိပြီလို့ အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးတည်အုပ်စုတွေအလိုက် ထိုးပေးနေပြီး မေ ၇ ရက်အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုးပြီးသူ ၆ ဒသမ ၈၄ သန်းကျော်၊ ၂ ကြိမ်အ ပြည့်ထိုးပြီးသူ  ၂၄ ဒသမ ၀၈ သန်း ကျော်နဲ့ စုစုပေါင်း ၃၀ ဒသမ ၉၃ သန်းကျော်ပြီလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်အထိ လူဦးရေ ၂၉ သန်းကျော်ကို ကာကွယ်ဆေး အနည်းဆုံးတကြိမ် ထိုးနှံပြီး ဖြစ်တာကြောင့် လက်ရှိမှာတော့ နိုင်ငံအတွင်း အမှန်တကယ်နေထိုင်သူ အသက် ၁၈ နှစ်နဲ့အထက် လူဦးရေရဲ့ ၉၁ ဒသမ ၉ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးလွှမ်းခြုံမှုရရှိပြီးဖြစ်တယ်လို့ ဆိုပေမယ့် ပြည်သူတွေကတော့ သူတို့အပေါ် ယုံကြည်မှု နည်းပါးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၁ နှစ်ကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်း ကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေ တယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် လတ်တလောအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှုနဲ့ သေဆုံးမှုတွေကို စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်နေပေမယ့် ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စု လက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။

ပြည်သူတွေကြားမှာတော့ အာဏာသိမ်းစစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးသူအရေအတွက်ဟာ နည်းပါးတယ်လို့  သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ နေ့စဉ်ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အရေအတွက်ကို လျှော့ချ ထုတ်ပြန်နေတယ်လို့  ဆေးပညာရှင်တွေအများစုက ထောက်ပြဝေဖန်နေကြကာ ပြီးခဲ့တဲ့ သင်္ကြန်ပွဲတော် ကာလမှာလည်း ဖိအားပေးကျင်းပနိုင်ဖို့ ရောဂါကူးစက်သေဆုံးမှုတွေကို လိမ်လည်ထုတ်ပြန်ခဲ့ကာ မတ် ၁၆ ရက်က စတင်ကာ လူစုလူဝေးနဲ့ အခမ်းအနားတွေမှာ လူဦးရေ ၄၀၀ ထိ စုဝေးခွင့်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up