close

စစ်အုပ်စုသတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၁၈၃၀ ကျော်နှင့် သေဒဏ်ချခံရသူ ၁၀၉ ဦးထိရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၈၃၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၆၂၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေ ၉ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၅၇၁ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၀၄၇ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၆၈ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၇ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၀၉ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၅ ရက်မနက် ၁၀ နာရီဝန်းကျင်က အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့တွေဟာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထီးကျူကျေးရွာနဲ့ မဲသနကျေးရွာအကြား(ကျေဖာလဲ့)မှာ အရပ်သားတယောက်ဖြစ်တဲ့ စောဖားတရုတ်ကို ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။ စောဖားတရုတ်ဟာ ဆိုင်ကယ်နဲ့ နွားစာသွားယူချိန် ဆိုင်ကယ်ကို ရပ်တန့်မပေးလို့ဆိုကာ နောက်ကျောဘက်က ပစ်ခတ်ခံခဲ့ရကာ ဆီးအိမ်ပေါက်ထွက်ပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ အင်းကျေးရွာအုပ်စု၊ ပျဉ်းလေးပင်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်က အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်း ဖက်စစ်အုပ်စုတပ်က ပျဉ်းလေးပင်ကျေးရွာသား ၄ ယောက်ဖြစ်တဲ့ ဦးမျိုးသန့်၊ ဦးမြင့်တင်၊ ကိုစိုးမိုးအောင်နဲ့ ကိုဝင်းမြင့်တို့ကို ကျေးရွာအနီး လွင်ယားကွင်းမှာ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်း ကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up