close

ယူကရိန်းကို ကန်ဒေါ်လာ ၄၀ ဘီလီယံ အကူအညီပေးရန် အမေရိကန်အောက်လွှတ်တော် ခွင့်ပြု

ယူကရိန်းနိုင်ငံမှာ စစ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးဖို့ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံကို အမေရိကန် အောက်လွှတ်တော်က မေ ၁၀ ရက် ညနေပိုင်းမှာ ခွင့်ပြုပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်က သမ္မတ ဘိုင်ဒင်က ယူကရိန်းအတွက် စစ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးဖို့ ၃၃ ဘီလီယံကို ကွန်ဂရက်လွှတ်တော်ကို တောင်းဆို တိုက်တွန်းခဲ့ပြီး လွှတ်တော်က ၃၉ ဒသမ ၈ ဘီလီယံအထိ တိုးပြီး အတည်ပြုပေးလိုက်တာပါ။

ဒီလို ခွင့်ပြုလိုက်ခြင်းအားဖြင့် ရုရှားရဲ့ ကျူးကျော်စစ်ကို ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံအတွက် အများကြီး အထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက ဥပဒေကြမ်း အတည်မပြုခင် အိမ်ဖြူတော်အပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟာ တခြား ဒီမိုကရက်ပါတီ အောက်လွှတ်တော် အမတ်တွေနဲ့အတူ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ယူကရိန်းကို သွားရောက်ခဲ့ပြီး အပြန်မှာ သမ္မတ ဂျိုးဘိုင်ဒင်ကို အခြေအနေတွေ တင်ပြခဲ့ပါတယ်။

မကြေညာဘဲ သွားရောက်ခဲ့တဲ့ ယူကရိန်းခရီးစဉ်အတွင်း ပလိုစီဟာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ တွေ့စဉ်မှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ ယူကရိန်းမှာ အောင်ပွဲရတဲ့အထိ ဆက်ပြီး ကူညီသွားမယ်လို့ ပြောခဲ့ပါတယ်။

အခု အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကို အထက်လွှတ်တော်မှာ ရက်ပိုင်းအတွင်း အတည်ပြုဖို့လိုပြီး ပြီးရင်တော့ အိမ်ဖြူတော်မှာ သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ထိုးပြီးရင် ဥပဒေ ဖြစ်လာတော့မှာပါ။

ဒီလိုဖြစ်လာရင် ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့တွေ အရင်ထက် ပိုရဖို့ လမ်းပွင့်သွားပါလိမ့်မယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up