နေတိုးအဖွဲ့ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေဟု ရုရှားပြော

ရုရှားအစိုးရဟာ သူ့နိုင်ငံနယ်စပ်မှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ မေ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေဆီ သွားရောက်လည်ပတ်တာကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားအစိုးရ ပြောခွင့်ရက ခုလို ပြောလိုက်တာပါ။
ရုရှားနယ်စပ်မှာ နေတိုးရဲ့ ဖွဲ့စည်းပုံတွေကို ထိခိုက်စေနိုင်မယ့် ဘယ်အရာကိုမဆို အနီးကပ် စောင့်ကြည့်နေတယ်လို့ ရုရှားအစိုးရပြောခွင့်ရ ပဲ့စ်ကို့ဗ်က ဆိုပါတယ်။
ဆွီဒင်နဲ့ ဖင်လန် ၂ နိုင်ငံစလုံးက နေတိုးနဲ့ ပူးပေါင်းဖို့ လျှောက်ထားမလားဆိုတာ ဒီလနှောင်းပိုင်းမှာ ဆုံးဖြတ်ဖို့ မျှော်လင့်ထားပါတယ်။
ယူကရိန်းနိုင်ငံတောင်ပိုင်းက ရုရှားသိမ်းပိုက်ထားတဲ့ ခါဆွန်ဒေသမှာ နေတဲ့သူတွေဟာ ရုရှားနိုင်ငံထဲကို ဝင်ချင်လား မဝင်ချင်လားဆိုတာ ဆုံးဖြတ်ဖို့လိုပေမယ့် ဆုံးဖြတ်ချက်ဟာ ရှင်းလင်းတဲ့ ဥပဒေအပေါ် အခြေခံရမယ်လို့ ရုရှားသမ္မတနန်းတော်က ပြောပါတယ်။
ခါဆွန်ဒေသကို ရုရှားနိုင်ငံထဲ ပေါင်းထည့်ပေးဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တောင်းဆိုဖို့ စီစဉ်ထားတယ်လို့ ရုရှားထိန်းချုပ်ထားတဲ့ ခါဆွန် အုပ်ချုပ်ရေးဌာန အရာရှိတယောက်ကို ကိုးကားပြီး ရုရှားအခြေစိုက် တက်စ်သတင်းမှာ ဖော်ပြခဲ့ဖူးပါတယ်။