ချင်းရိုင်းခရိုင်၌ ၂ ရက်အတွင်း စိတ်ကြွဆေးပြား ၈ သိန်းနီးပါးနှင့် အိုက်စ် ၁၀ ကီလို ဖမ်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်ရှိ မြန်မာနယ်စပ် မယ်ဖာ့လုံမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေ ၁၀ ရက်နဲ့ ၁၁ ရက်၊ ၂ ရက်အတွင်း စိတ်ကြွဆေးပြား ၇၉၄,၀၀၀ နဲ့ အိုက်စ်မူးယစ်ဆေး ၁၀ ကီလိုဂရမ်ကို တာဝန်ရှိသူတွေက ဖမ်းဆီးရမိခဲ့တယ်လို့ မယ်ဆိုင်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။
စစ်တပ်၊ နယ်ခြားစောင့်ရဲနဲ့ နယ်မြေခံရဲတပ်ဖွဲ့ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မေ ၁၁ ရက်က မယ်ဖာ့လုံမြို့ ဘန့်တူရပ်ကွက် ချင်းရိုင်းလေယာဉ်ကွင်းသွား လမ်းခွဲပေါ်မှာ စစ်ဆေးရေးဂိတ်ချပြီး ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို စောင့်ကြပ်စစ်ဆေးစဉ် ည ၁၁ နာရီ မိနစ် ၂၀ လောက် နယ်စပ်ဘက်ကနေ မောင်းနှင်လာတဲ့ အဖြူရောင် ဟိုင်းလပ်စ်ကား ၁ စီးကို စစ်ဆေးခဲ့ကြောင်း၊ ကားနောက်ခန်းမှာ တင်လာတဲ့ မြွေရေခွံအိတ်တွေ ဖောက်ချစစ်ဆေးရာမှာတော့ စိတ်ကြွဆေးပြား ၅၉၄,၀၀၀ နဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၁၀ ကီလိုဂရမ်ပါ ဖမ်းဆီးရမိတယ်လို့ တာဝန်ရှိသူတွေက မေ ၁၂ ရက်မှာ သတင်းစာရှင်းလင်း ပြောဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက အသက် ၄၅ နှစ်ရွယ်ရှိ ယာဉ်မောင်းနဲ့ ဘေးက ထိုင်လိုက်လာတဲ့ အမျိုးသား ၁ ဦးတို့ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
အဆိုပါ မယ်ဖာ့လုံမြို့နယ်ထဲမှာပဲ ပြီးခဲ့တဲ့ မေ ၁၀ ရက်ကလည်း ထိုတ်ထိုင်းကျေးရွာဘက်ကနေ မောင်းလာတဲ့ ကား ၁ စီးပေါ်ကနေ စိတ်ကြွဆေးပြား ၂ သိန်း ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ နယ်မြေထဲမှာ စောင့်ကြပ်စစ်ဆေးစဉ် ထိုတ်ထိုင်းရွာကနေ မောင်းလာတဲ့ အနက်ရောင် ဟိုင်းလပ်စ်ကား ၁ စီးကို မသင်္ကာလို့ အနောက်ကနေ လိုက်သွားခဲ့ကြောင်း၊ အဆိုပါကားကို မဲ့ကျန်းမြို့နယ် ပါတိန်းရွာနားမှာ မီလာပြီး စစ်ဆေးရာမှာ တံခါးရွက် တဖက်တချက်မှာ သိုဝှက်ယူဆောင်လာတဲ့ ၁ စည်းကို စိတ်ကြွဆေးပြား ၂,၀၀၀ စီပါတဲ့ အစည်း ၆၀ စုစုပေါင်း အလုံးရေ ၂ သိန်းကို ဖမ်းမိတာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းမိုင်ခရိုင်မှာ နေထိုင်သူ အသက် ၃၅ နှစ်အရွယ် ယာဉ်မောင်းအမျိုးသား ၁ ဦးနဲ့ ၃၄ နှစ်ရွယ် အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင် မေ ၇ ရက်ကလည်း မယ်ဖာ့လုံမြို့နယ် မယ်ဖာ့လုံရပ်ကွက် ၂ ထဲမှာ စိတ်ကြွဆေးကို လူငယ်တွေကြား လက်လီဖြန့်ဖြူးနေတဲ့ နိုင်းမိုက်တရီးဆိုသူ လူရွယ် ၁ ဦးဆီကနေ စိတ်ကြွဆေးပြား ၂,၀၀၇ လုံးနဲ့ ဟီးရိုးအင်း ၂၄၁ ဂရမ်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
မယ်ဖာ့လုံမြို့နယ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြို့နယ်တခု ဖြစ်ပါတယ်။