close

မြောက်ကိုရီးယားတွင် ကိုဗစ်လူနာ ၁ ဦး သေဆုံး၊ လူသောင်းချီ အဖျားရောဂါ ခံစားနေရ

မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ အတည်ပြုလူနာ တဦးထက်မနည်း သေဆုံးခဲ့ပြီး ထောင်သောင်းချီတဲ့ လူတွေလည်း ဖျားနာနေတဲ့ လက္ခဏာတွေကို ပြနေကြတယ်လို့ မြောက်ကိုရီးယား မီဒီယာက မေ ၁၃ ရက်မှာ ဖော်ပြပါတယ်။

ဧပြီနှောင်းပိုင်းကစပြီး ပြည်လုံးကျွတ် ပေါက်ကွဲကူးစက်ခဲ့တဲ့ ဘာရောဂါမှန်း မသိရတဲ့ အဖျားဝေဒနာကြောင့် လူ ၁၈၇,၈၀၀ ကို ရောဂါခြေချုပ်နဲ့ သီးခြားခွဲထားပြီး ကုသပေးနေတယ်လို့ အစိုးရမီဒီယာ ကေစီအန်အေသတင်းမှာ ဖော်ပြပါတယ်။

လူ ၃ သိန်းခွဲလောက် ဖျားတဲ့လက္ခဏာ ပြခဲ့ပြီး လူ ၁၈,၀၀၀ လောက်က မေ ၁၂ ရက်ကမှ လက္ခဏာပြတယ်လို့ ဆိုပါတယ်။

လူ ၁၆၂,၂၀၀ ကို ဆေးကုသပေးခဲ့ပြီးပြီလို့ ပြောပေမဲ့ လူဘယ်လောက်များများ ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း စမ်းသပ်တွေ့ရှိထားလဲဆိုတာ သတ်သတ်မှတ်မှတ် မပြောခဲ့ပါဘူး။

ဒါဟာ နိုင်ငံအတွင်း ပထမဆုံး အတည်ပြု ကူးစက်မှုရဲ့ ဆိုးရွားတဲ့ အရွယ်အစား ပမာဏကို အရိပ်အမြွက်ပြလိုက်တာလို့ နိုင်ငံတကာ မီဒီယာတွေက သုံးသပ်ပါတယ်။

မြောက်ကိုရီးယားဟာ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ကူးစက်ကတည်းက အရင်က ဘယ်တုန်းကမှ အတည်ပြု ကူးစက်ခံဦးရေကို ထုတ်ဖော်မပြခဲ့ပါဘူး။

အခုဖော်ပြတဲ့ သတင်းအချက်အလက်ဟာ အကြီးအကျယ် ကူးစက်မှုကို မကြုံစဖူး ဝန်ခံလိုက်တာလည်း ဖြစ်ပါတယ်။ ဒီကူးစက်မှုဟာ အကြီးစား ပြည်သူ့ကျန်းမာရေးဆိုင်ရာ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အကျပ်အတည်း အထိမ်းအမှတ် ဖြစ်လာနိုင်တာပါ။

မြောက်ကိုရီးယားရဲ့ အကန့်အသတ်နဲ့သာရှိတဲ့ စစ်ဆေးနိုင်စွမ်းနဲ့ဆိုရင် ခုထုတ်ပြန်တဲ့ ကူးစက်ခံ အရေအတွက်ဟာ အမှန်တကယ် ကူးစက်မှုရဲ့ အစိတ်အပိုင်း သေးသေးလေးကိုပဲ ကိုယ်စားပြုတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ ကိုဗစ်ကာကွယ်ဆေး မထိုးထားတဲ့ ကမ္ဘာပေါ်က ၂ နိုင်ငံမှာ မြောက်ကိုရီးယားလည်း ပါတာမို့ လူထောင်ချီ သေဆုံးနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

//
Up