close

ပုလဲမြို့၌ စစ်တပ်က ဘုန်းကြီးကျောင်းကို လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ဆရာတော်ဒဏ်ရာရ၊ ကိုရင် ၁ ပါး ပျံလွန်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့  ပစ်ခတ်ခဲ့လို့ ပုလဲမြို့ တောင်ပိုင်းရပ်ကွက်ရှိ  မြသိန်းတန်ဘုန်းကြီးကျောင်းပေါ် လက်နက်ကျည်ကျရောက်ပြီး ကျောင်းထိုင်ဆရာတော်နဲ့ ကိုရင်တွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မေလ ၁၃ ရက် ညနေ ၄ နာရီလောက်က  ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေက ပုလဲမြို့ပေါ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ်  စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ရာမှာ မြသိန်းတန် ဘုန်းကြီးကျောင်းပေါ် ကျည်ဆန်ကျရောက် ပေါက်ကွဲခဲ့တာပါ။

အဆိုပါပစ်ခတ်မှုကြောင့် ကျောင်းထိုင် ဆရာတော် ဥူးတေဇဋိယ၊ ကိုရင်ကြီးကောက်ရ၊ ကိုရင်ဝလနဲ့ ကပ္ပိရ ဦးကောင်းသန့်ထွန်းတို့ ပြင်းထန်စွာ ဒဏ်ရာတွေရခဲ့ပြီး ကိုရင်ရဲမြတ်ထွဋ်ကတော့ ပျံလွန်တော်မူသွားတယ်လို့ ပုလဲမြိုနယ်ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ပုလဲမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ ပျူတွေပူးပေါင်းပြီး ဒီနေ့ မေလ  ၁၄ ရက် မနက် ၈ နာရီလောက်က  မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့နေတဲ့စစ်သားတွေနဲ့ ပျူစောထီးတွေဟာ ဇီးဖြူကုန်ကျေးရွာနေထွက်လာတဲ့ သူတွေဖြစ်တယ်လို့ ဒေသခံ ညောင်ပင်စောက် ရွာသားတယောက်က ပြောပါတယ်။

“ဒီကောင်တွေက အလိုလိုနေရင််းကို မီးရှို့တာပဲ။ ဘာကြောင့်ရှို့တာကိုတော့ မှန်းဆလို့ကိုမရတာဗျ။ ရွာသားတွေကတော့ အခုရွာအပြင်ထွက်ပြေးနေကြရတယ်။ အိမ်ဘယ်နှလုံး လောင်မယ်တော့မ သိသေးဘူး။ လောလောဆယ်တော့ ရွာထဲမီးခိုးတွေပဲ ရွာအပြင်ကနေပဲ ထိုင်ကြည့်နေရတယ်။ သူတို့ကရွာထဲကမထွက်သေးတော့ သွားလည်းမငြှိမ်းရဲသေးဘူးဗျ။ ”

ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တွေအကြား နေ့စဉ် တိုက်ပွဲဖြစ်နေပြီး PDF တွေက ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီနဲ့ ပျူစောထီးတွေ အထိနာပြီး အခု‌လိုဒေသခံတွေရဲ့ကျေးရွာတွေကို မီးရှို့နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ 

//
Up