လာမည့် ၂ လအတွင်း သီရိလင်္ကာစီးပွားအရေး အကျပ်အတည်း ပိုဆိုးမည်ဟု ဝန်ကြီးချုပ်သစ်ပြော

သီရိလင်္ကာနိုင်ငံမှာ စီးပွားရေးအကျပ်အတည်း ပိုဆိုးလာနေပြီး လာမယ့်လတွေမှာ အဆိုးဆုံးနေ့တွေ လာဦးမယ်လို့ ဝန်ကြီးချုပ်သစ်က မေ ၁၆ ရက်မှာ သတိပေးလိုက်ပါတယ်။
မရှိမဖြစ် သွင်းကုန်တွေအတွက် လာမယ့် ရက်အနည်းငယ်အတွင်း နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၇၅ သန်း အရေးပေါ် လိုအပ်နေချိန်မှာ ခုလို မိန့်ခွန်းပြောလိုက်တာပါ။
“လာမယ့် ၂ လဟာ ကျနော်တို့ဘဝမှာ အခက်ခဲဆုံး ၂ လ ဖြစ်လာလိမ့်မယ်။ ကျနော်တို့ဟာ ဒီကာလအတွင်း စိန်ခေါ်မှုတချို့ကို ရင်ဆိုင်ရင်း တချို့စွန့်လွှတ်မှုတွေအတွက် ပြင်ဆင်ထားရမယ်။”
အကျပ်အတည်းတွေကြောင့် သမ္မတ ဂိုတာဘာယာ ရာဂျာပတ်စာနဲ့ သူ့မိသားစုဝင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပါတယ်။
အရင်အပတ်က အစိုးရထောက်ခံသူတွေနဲ့ ဆန္ဒပြသူတွေကြား တိုက်ခိုက်ခဲ့ကြလို့ လူ ၉ ယောက် သေဆုံးပြီး အယောက် ၃၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
ဒါကြောင့် သမ္မတရဲ့အစ်ကို ဝန်ကြီးချုပ် မဟင်ဒြာ ရာဂျာပတ်စာ ရာထူးက နုတ်ထွက်ခဲ့ရပြီး ဆန္ဒပြသူတွေ ကျေအေးစေဖို့ သူ့နေရာမှာ ဝန်ကြီးချုပ်အဖြစ် ငါးကြိမ် တာဝန်ထမ်းဆောင်ဖူးသူ အတိုက်အခံ လွှတ်တော်အမတ် ဗစ်ခရမ်ဆင်းဟေးကို အစားထိုး ခန့်အပ်ခဲ့ရပါတယ်။
ဒါပေမဲ့ ဆန္ဒပြသူတွေကတော့ သမ္မတ ဂိုတာဘာယာ ရာဂျာပတ်စာ သမ္မတအဖြစ် ရှိနေသရွေ့ ဆက်ပြီး ဆန္ဒပြနေဦးမယ်လို့ ပြောခဲ့ကြပါတယ်။