ဆောက်သမ်တန်ကို အနိုင်ယူပြီး လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလားအတွက် ဆက်လက်ဖိအားပေး

ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ အဖြစ် ဆောက်သမ်တန်နဲ့ လီဗာပူးတို့ မနေ့ညက ယှဉ်ပြိုင်ရာ ဧည့်သည် လီဗာပူးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်လင့်ချက် ဆက်လက်ရှင်သန်ခဲ့ပါတယ်။
အဖွင့်ဂိုးကို အိမ်ရှင်အသင်းက ရရှိခဲ့တာဖြစ်ပြီး ပွဲချိန် ၁၃ မိနစ်မှာ ရက်ဒ်မွန်က သွင်းယူပေးခဲ့တာပါ။
လီဗာပူးအတွက် ချေပဂိုးကို ပွဲချိန် ၂၇ မိနစ်မှာ မီနာမီနိုက သွင်းယူပေးခဲ့ပြီး အနိုင်ဂိုးကိုတော့ မာတစ်က ပွဲချိန် ၆၇ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒီပွဲမှာ အရန်ကစားသမား ၉ ဦးအထိ ပွဲထွက်အသုံးပြုခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ရလဒ် ရရှိခဲ့ပြီး ဒီအပေါ်မှာ နည်းပြ ကလော့ပ်ကလည်း ကစားသမားတွေကို ချီးကျူးစကား ဆိုသွားပါတယ်။
လီဗာပူးအသင်းဟာ ချဲလ်ဆီးကို အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ အက်ဖ်အေဖလား လူစာရင်းက ကစားသမား ၉ ဦးအထိ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိဘဲ ဂိုးသမား အလစ်ဆန်နဲ့ နောက်ခံလူ မာတစ်တို့ ၂ ဦးသာ ပြန်လည်ပါဝင်လာခဲ့တာပါ။
တိုက်စစ်မှူး ဆာလက်၊ နောက်ခံလူ ဗန်ဒိုက်နဲ့ ဖာဘင်ညိုတို့ကို ဒဏ်ရာအခြေအနေကြောင့် ချန်လှပ်ခဲ့ရသလို မာနေး၊ ဒီယက်ဇ်၊ အာနိုးလ်၊ ရော်ဘတ်ဆန် အစရှိတဲ့ အမာခံကစားသမား ၉ ဦးလောက်အထိ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိပါဘူး။
“၉ ယောက်အထိ အပြောင်းအလဲ လုပ်ခဲ့တာတောင်မှ မယုံကြည်နိုင်လောက်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့တယ်။ ဒီအစီအစဉ်က အလုပ်မဖြစ်ခဲ့ဘူးဆိုရင် ကျနော့်မှာ တာဝန်ရှိခဲ့မှာ ဖြစ်ပေမဲ့ အခုတော့ ကစားသမားတွေရဲ့ တာဝန်ယူခဲ့မှုနဲ့အတူ အနိုင်ရခဲ့တယ်။ ဒီလိုကစားသမားတွေ ရှိနေတာဟာ ကားဂိုထောင်ထဲမှာ ဖာရီယာကားတွေ ရှိနေသလိုပါပဲ” လို့ နည်းပြကလော့ပ်က ချီးကျူးခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ပွဲစဉ် ၃၇ အပြီးမှာ ထိပ်က ဦးဆောင်နေတဲ့ မန်စီးတီးကို တမှတ်အကွာနဲ့ ဖိအားပေးနိုင်ခဲ့လို့ ပရီးမီးယားလိဂ်ဖလားအတွက် နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
့ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် လာမယ့် မေ ၂၂ ရက်မှာ မန်စီးတီးက အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး လီဗာပူးကလည်း ဝုဗ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။
ဒီနှစ် ဘောလုံးရာသီမှာ လီဗာပူးအသင်းဟာ ဖလားလေးလုံး ရယူနိုင်ရေး အိပ်မက်နဲ့ ကြိုးစားယှဉ်ပြိုင်နေတာပါ။
လက်ရှိ အင်္ဂလန်လိဂ်ဖလားနဲ့ အက်ဖ်အေဖလား နှစ်ခု ရယူထားပြီး ဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း ထိပ်ကဦးဆောင်နေတဲ့ မန်စီးတီးနဲ့ တမှတ်အကွာကနေ ဖိအားပေးထားနိုင်ပြီး ချန်ပီယံလိဂ်ဖလားပြိုင်ပွဲမှာလည်း နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်ထားကာ လာမယ့် မေ ၂၉ ရက်ကျရင် ရီးရဲလ်မက်ဒရစ်နဲ့ ဗိုလ်လုရမှာ ဖြစ်ပါတယ်။