မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ၂၀ ခန့်သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မေ ၁၇ ရက် မနက်ပိုင်းက မြိုင်မြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မြိုင် PDF နဲ့ မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး (MVRF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၂၀ လောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် PDF တပ်ရင်း ၁၊ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
"စစ်(--) နဲ့ ပျူစောထီးက အင်အား ၇၀ လောက် ပါတယ်ဗျ။ ကန်နီရွာနဲ့ ကျောင်းကုန်းရွာကြား အရောက်မှာ မနေ့မနက် ၆ နာရီလောက်က ကျနော်တို့ဘက်က မိုင်း ၂ ပွိုင့်ဆွဲပြီး တိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၂၀ လောက် သေပြီး အများအပြား ဒဏ်ရာရသွားတယ်။ ထိခိုက်ဒဏ်ရာရသွားတဲ့ သူတွေကတော့ အော်ငိုနေတဲ့ အသံ ကြားရတယ်။"
စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မနားတမ်းပစ်ခတ်လို့ နှစ်ဖက် အပြန်အလှန် နာရီဝက်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ဒေသခံ PDF တပ်ဖွဲ့က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
အခုလပိုင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး မြိုင်မြို့နယ်ထဲက ကျေးရွာတချို့ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
အဲဒီကျေးရွာတွေက မီးဘေးသင့် ပြည်သူတွေကို မေ ၁၇ ရက်နေ့မှာ ပြည်သူလူထုက လက်နက်ခဲယမ်းဝယ်ဖို့ လှူဒါန်းတဲ့ ငွေထဲက သိန်း ၂၀ ကျပ် ထောက်ပံ့ပေးခဲ့တယ်။ မိဘပြည်သူတွေအနေနဲ့ လက်နက်ခဲယမ်းဝယ်ဖို့ မလှူနိုင်ရင်တောင် မီဘေးသင့် စစ်ဘေးရှောင် ပြည်သူတွေကို လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
မြိုင်မြို့နယ်မှာ မေ ၁၂ ရက် နေ့လယ်ပိုင်းကလည်း ကျေးရွာ ၃ ရွာက မီးဘေးသင့် ပြည်သူတွေနဲ့ စစ်ကောင်စီတပ်တွေ သတ်ဖြတ်လို့ သေဆုံးခဲ့ရတဲ့ ပြည်သူ ၂ ယောက်ရဲ့ မိသားစုဝင်တွေကို မြိုင် PDF က ငွေ ကျပ် ၁၀၃ သိန်း ထောက်ပံလှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မကွေးတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၂,၁၃၁ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ Data For Myanmar က မေ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။