ပွဲစားခဘတ် ၃၇၀၀၀ ထိပေးကာ ထိုင်းမှတဆင့် မလေးရှားသွားမည့် မြန်မာ ၂၀ ဖမ်းဆီးခံရ


ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာနိုင်ငံသား အယောက် ၂၀ ကို ထိုင်းရဲတပ်ဖွဲ့က မေ ၂၀ ရက် ဒီကနေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးလိုက်တယ် လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
သူတို့အုပ်စုကို ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ် ဆဒေါင်းခရိုင်ထဲက ကျေးရွာတရွာထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့က မနက် ၁ နာရီလောက်မှာ ဖမ်းမိခဲ့တာလို့ ရဲတွေက ပြောပါ တယ်။
ဖမ်းမိသူတွေထဲမှာတော့ အမျိုးသား ၁၈ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ပါဝင်ပြီး သူတို့အားလုံးမှာ တရားဝင်စာရွက်စာတမ်းအထောက်အထား တခုမှ မပါကြဘူးလို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းရာမှာ သူတို့ဟာ မြန်မာနိုင်ငံ ဒေသအနှံ့က လာရောက်ခဲ့ကြတာဖြစ်ပြီး မလေးရှားနိုင်ငံမှာ အလုပ်ရဖို့အတွက် မြန်မာနိုင်ငံဘက်က ပွဲစားတယောက်ကို ပွဲစားခ ဘတ် ၃၇,၀၀၀ စီပေးကာ ထိုင်းဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့ မေ ၁၂ ရက်ကတည်းက မြန်မာဘက်ကနေ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်၊ ရနောင်းခရိုင်ဆီ တောလမ်းကနေ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြပြီးနောက် ၁၈ ရက်မှာတော့ သူတို့ကို အနက်ရောင် ဗန်ကားတစီးနဲ့ မလေးရှား-ထိုင်းနယ်စပ်ဆီ ပို့ဆောင်ထားခဲ့ချိန်မှာပဲ ခုလိုဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ သူတို့ကို ရဲစခန်းဆီ မလွှဲပြောင်းခင်မှာ ဆဒေါင်းဆေးရုံကို ပို့ဆောင်ကာ ကိုဗစ်-၁၉ ရောဂါကူးစက်ထားခြင်းရှိမရှိ စမ်းသပ်စစ်ဆေးခဲ့ပြီး ဥပဒေကြောင်းအရ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုအတွက် အရေးယူ ဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှားပါး နေတာကြောင့် ထိုင်းနိုင်ငံကို မြန်မာလူငယ်တွေ အလုပ်လုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ သွားရောက်နေရာမှာ တရားမဝင်နယ်စပ်ဖြတ်ကျော် လာသူတွေကတော့ နေ့စဉ်လိုလို ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။